ပြည်ပသတင်းများ

ထောပတ်သီးထွက်ရှိမှု ၂၂၃ % အထိမြင့်တက်ရာ ဈေးနှုန်း ကျဆင်းနိုင်ကြောင်း ခန့်မှန်း

ထောပတ်သီးထုတ်လုပ်ထွက်ရှိမှု မြင့်တက်လာသည့်အတွက် ထောပတ်သီးစိုက်ပျိုးသူများက ဈေးနှုန်းကျဆင်းသွားမည်ကို စိုးရိမ်နေကြကြောင်း သိရှိရပါသည်။ အထွက်နှုန်းမြင့်မားမှုကြောင့် ဈေးနှုန်းကျဆင်းမှုမှာ စားသုံးသူများအတွက် သတင်းကောင်းဖြစ်သော်လည်း စိုက်ပျိုး ထုတ်လုပ်သူများအတွက် စိုးရိမ်ဖွယ်ဖြစ်ရာ ပိုလျှံထုတ်လုပ်မှုများမှာ ဆက်လက်ဖြစ်ပွားနေမည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရပါသည်။ ဩစတြေးလျနိုင်ငံရှိ ထောပတ်သီးအများ ဆုံးထုတ်လုပ်သည့်ဒေသဖြစ်သည့် ကွင်းစလန်ပြည်နယ်တွင် ထောပတ်သီး (Hass Avocado) တစ်ဗန်းအတွက် ခြံပေါက်ဈေးမှာ အေဒေါ်လာ ၁၂ ဒေါ်လာအထိ ကျဆင်းသွားကြောင်း သိရှိရပါသည်။

ယခုလအစောပိုင်းက Avocado Australia ၏ Online ရှိလက်လီဈေးနှုန်း အစီရင်ခံစာ အရ နိုင်ငံတစ်ဝှမ်းရှိ အဓိက စူပါမားကတ်များတွင် ထောပတ်သီးတစ်လုံးကို အေဒေါ်လာ ၁ ဒေါ်လာခန့် ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ လာမည့် နွေရာသီတွင် အနောက်ပိုင်း ဩစတြေး လျ၌ ထောပတ်သီးဗန်း ၈.၂ သန်းခန့်ထွက်ရှိနိုင်မည်ဖြစ်ရာ ယခင်နှစ် ထွက်ရှိမှုနှင့် နှိုင်းယှဉ်ပါက ၂၂၃ % အထိမြင့်တက်လာနိုင်သည့်အတွက် ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများက စိုးရိမ်လျက် ရှိခြင်းဖြစ်ပါသည်။ ဩစတြေးလျတစ်နိုင်ငံလုံးရှိ ဒေသများအားလုံးတွင် သီးနှံစိုက်ပျိုးမှု များပြားလာ မှုနှင့်အတူ ကောင်းမွန်သော ရာသီဥတုကြောင့် အထွက်နှုန်းတိုးတက် လာခြင်းဖြစ်ပါသည်။ ဩစေ တြးလျ ထောပတ်သီးမှာ ကမ္ဘာ့ဈေးကွက်တွင် အလယ်အမေရိက၊ မက္ကဆီကိုနှင့်တောင်အာဖရိက တို့ရှိ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးသည့်နိုင်ငံများနှင့် ယှဉ်ပြိုင် တင်ပို့ရလျက်ရှိပါသည်။ ဩစ တြေးလျနိုင်ငံအတွင်း ထုတ်လုပ်မှုပိုလျှံနေသော်လည်း အလုပ်သမားရရှိမှု၊ စူပါမားကတ်များ၏ နယူးဇီလန်မှ ထောပတ်သီးတင်သွင်းမှု အစရှိသည့် အခက်အခဲများနှင့် ပို့ကုန်ဈေးကွက် အခက်အခဲ များကို ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် ဩစတြေးလျ ထောပတ်သီးကို စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြား ဈေးကွက်များသို့ တင်ပို့လျက်ရှိပြီး၊ ပြည်တွင်းထုတ်လုပ်မှု ပိုလျှံမှုများကြောင့် ဈေးကွက်သစ်များ ရှာဖွေရန် ဆောင်ရွက်လျက်ရှိသည့်အပြင် နောင်တွင် အစိုးရ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံ ဈေးကွက်များ ဝင်ရောက်နိုင်ရေးကိုပါ မျှော်မှန်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: www.abc.net.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

၂၀၂၁ခုနှစ်၊ ဇူလိုင်လ   ၂    ရက်

Loading