ပြည်ပသတင်းများ

ဗီယက်နမ်နိုင်ငံက ဩစတြေးလျ မုယောစပါးဈေးကွက်အဖြစ် ပေါ်ထွက်လာ

ဗီယက်နမ်နိုင်ငံ၏ ဩစတြေးလျမုယောစပါးဝယ်ယူမှုမှာ ပြီးခဲ့ သည့်နှစ် မုယောစပါး ဝယ်ယူသည့်စာရင်းအချက်အလက်များနှင့်နှိုင်းယှဉ်ပါက ၂ ဆမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၂၀-၂၀၂၁ ခုနှစ် တွင် ဩစတြေးလျမုယောစပါးများ ဗီယက်နမ်နိုင်ငံသို့တင်ပို့မှုမှာ တန်ချိန် ၅၀၀,၀၀၀ သို့ရောက်ရှိ လာပြီဖြစ်ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန်၂၀၀,၀၀၀ ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။

Australian Export Grains Innovation Centre ၏ ပြောကြားချက်အရ ဗီယက်နမ် နိုင်ငံဈေးကွက်ပေါ်ထွန်းလာခြင်းမှာ ကောင်းမွန်သောတိုးတက်မှုဖြစ်သော်လည်း ဆုံးရှုံးသွားသည့် တရုတ်နိုင်ငံဈေးကွက်ကို အစားထိုးနိုင်ခြင်းမရှိသေးကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ကြီးမားသည့် ဝက်ထုတ်လုပ်မှုကဏ္ဍနှင့် ကြီးထွားလာသည့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုကဏ္ဍနှင့်အတူ အဓိကကျ သောကောက်ပဲသီးနှံ ဝယ်လက်အဖြစ် ဆက်လက်ရပ်တည်မည့် အလားအလာရှိကြောင်း၊ ဗီယက် နမ်နိုင်ငံသည် ကမ္ဘာ့ပဉ္စမမြောက် ဝက်သားထုတ်လုပ်သူဖြစ်ပြီး၊ အာဖရိက ဝက်တုပ်ကွေး မဖြစ်ပွားမီ ဝက်ကောင်ရေ ၂၆ သန်းဖြင့် တစ်နှစ်လျှင် ဝက်သားတန်ချိန် ၃.၆ သန်း ထုတ်လုပ် လျက်ကြောင်း သိရှိရပါသည်။

ထို့အပြင် နို့ထွက်ပစ္စည်းထုတ်လုပ်မှုကဏ္ဍ တိုးတက်လာခြင်းမှာလည်း ဩစတြေးလျ နိုင်ငံအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ဗီယက်နမ်ဈေးကွက်မှာ ဈေးနှုန်းအထိ အခိုက် မခံသည့် ဈေးကွက်ဖြစ်ပြီး၊ လက်ရှိတွင် ဩစတြေးလျမုယောစပါးမှာ ကမ္ဘာပေါ်တွင်ဈေးနှုန်း အသက်သာဆုံးဖြစ်ရာ ဗီယက်နမ်ဈေးကွက်မှာ ဆက်လက်ရရှိနိုင်မည့်အနေအထားဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ဩစတြေးလျမုယောစပါးဈေးနှုန်းမှာ အခြားကောက်ပဲသီးနှံ ဈေးနှုန်းများနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်တိရိစ္ဆာန် အစားအစာလုပ်ငန်းကဏ္ဍအတွက် ဩစတြေးလျနိုင်ငံက ပံ့ပိုးပေးသည့် နည်းပညာအကူအညီက ဗီယက်နမ်ဈေးကွက်ရရှိရေးအတွက် အဓိကကျပါကြောင်း၊  မကြာသေးမီ က Webinar နှင့် ပြုလုပ်ခဲ့သည့် တင်ပြပွဲတစ်ခုတွင် တိရိစ္ဆာန်အစာအတွက် ယခင် သမားရိုးကျ အသုံးပြုလျက်ရှိသည့် ပြောင်းနှင့် ပဲပိစပ်အစား မုယောစပါးဖြင့် ပြုလုပ်ခြင်းကို လေ့လာတင်ပြခဲ့ပြီး၊ မုယောစပါးဖြင့် ထုတ်လုပ်သော တိရိစ္ဆာန်အစာမှာ တိရိစ္ဆာန်များအတွက် အာဟာရပြည့်ဝသော အစာဖြစ်သည့်အပြင်အသားအရောင်ပြောင်းလဲမှုမရှိပဲ သန့်ရှင်းကောင်းမွန်၍ အစိုဓါတ်နည်းသော အသားများထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

၂၀၂၁ခုနှစ်၊ ဇူလိုင်လ   ၂    ရက်

Loading