ပြည်ပသတင်းများ

ဒစ်ဂျစ်တယ်ယွမ်ငွေကြေး စမ်းသပ်မှုများတိုးချဲ့ရန် တရုတ် ဗဟိုဘဏ် ဆောင်ရွက်လျက်ရှိ

ပုံစံအမျိုးမျိုးဖြင့် ငွေပေးချေမှုလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အလို့ငှာ ရှုပ်ထွေးသော လုပ်ဆောင်ချက်များဖြင့် ဒစ်ဂျစ်တယ်ယွမ်ငွေ အီလက်ထရောနစ် ပိုက်ဆံအိတ် များ (electronic wallets) ပေါ်ပေါက်လာစေရန် ငွေပေးချေရေး ဝန်ဆောင်မှု ပြုသည့် အဖွဲ့အစည်းများအား တရုတ်အာဏာပိုင်များက ပိုမိုထားရှိသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဥပမာ – “smart wallet” ဟု လူသိများကြသည့်  ဒစ်ဂျစ်တယ်ယွမ်ငွေ e-wallet မှာ အချို့အခြေအနေများနှင့် ဥပဒေများအောက်တွင် ပေးချေမှုများကို သီးခြားပြုလုပ်ရန် အသုံးပြုသူများအား ခွင့်ပြုပေးထားသည့် အားကောင်းသောအင်္ဂါရပ်တစ်ရပ် ပါရှိပါသည်။

ဒစ်ဂျစ်တယ်ယွမ်ငွေသည် ကမ္ဘာပေါ်တွင် ပထမဆုံး အဓိက ဗဟိုဘဏ်များမှ ဖွံ့ဖြိုးထားသော ဒစ်ဂျစ်တယ်ငွေကြေးများအနက် တစ်ခုဖြစ်လာမည်ဟု မျှော်မှန်းထားကာ၊ ဗဟိုဘဏ်ကလည်း ၎င်း၏ စမ်းသပ်မှုများကို တဖြည်းဖြည်း တိုးချဲ့လျက် ရှိပါသည်။

ဒစ်ဂျစ်တယ် ယွမ်ငွေ e-wallet ကို ဗဟိုဘဏ်က ဉီးဆောင်သည့် ဗဟိုမှ ထိန်းချုပ် သည့်စနစ်အောက်တွင် စီမံခန့်ခွဲထားခြင်းဖြစ်ကာ ငွေကြေး၏ စစ်မှန်မှုကို အတည်ပြု ဆန်းစစ် နိုင်ပါသည်။  ငွေကြေးများ လွှဲပြောင်းရေးအတွက် အဆင့်ဆင့်ခွင့်ပြုချက် များဖြင့် ဒီဇိုင်းရေးဆွဲ ထားခြင်းဖြစ်ပါသည်။

wallet အတွင်း အနိမ့်ဆုံးအဆင့် ဒစ်ဂျစ်တယ်ယွမ်ငွေ တစ်သောင်း (အမေရိကန် ဒေါ်လာ ၁,၅၆၂ ဒေါ်လာ)ကို  ထည့်ထားနိုင်ပြီး၊  နေ့စဉ်ငွေပေးချေမှုများ အတွက် စုစုပေါင်း အများဆုံး ယွမ် (၅,၀၀၀) ပြုလုပ်နိုင်ကာ၊ တစ်ကြိမ် ပေးချေလျှင် ယွမ်ငွေ (၂,၀၀၀)နှုန်း ကန့်သတ်ထားပါသည်။ အသုံးပြုသူများသည် ၎င်းတို့၏  မိုဘိုင်းလ် ဖုန်းနံပါတ်များဖြင့် စာရင်း ဖွင့်လှစ်နိုင်ကြောင်း သိရပါသည်။

e-wallet အမြင့်ဆုံးအဆင့်အတွက် အများဆုံး ယွမ်ငွေ (၅)သိန်းအထိ ထည့်ထား နိုင်ရန် တိုးမြှင့်ပေးသွားမည်ဖြစ်ကာ၊ ပေးချေမှုတစ်ခုချင်းစီအတွက် ယွမ်ငွေ (၅)သောင်းနှုန်း ကန့်သတ်သွားမည်ဖြစ်ပြီး၊  နေ့စဉ် စုစုပေါင်း ယွမ်ငွေ (၁)သိန်း ပေးချေသွားနိုင်ကြောင်း သိရပါသည်။

ယခုအခါ ရှန်ဟိုင်းမြို့တွင် ဒစ်ဂျစ်တယ်ယွမ်ငွေအား အသုံးပြုရေး စမ်းသပ် ဆောင်ရွက်လျက်ရှိပါသည်။ စမတ်ဖုန်းများပေါ်တွင် အီလက်ထရောနစ် wallet app အမျိုးမျိုးမှတစ်ဆင့် သတ်မှတ်ထားသော စီးပွားရေးဘဏ်များနှင့် ငွေပေးချေရေး ဝန်ဆောင် မှုပံ့ပိုးပေးသူများက ကံစမ်းမဲစနစ်ဖြင့် အသုံးပြုသူ (၃၅၀,၀၀၀) ဦးထံ ဒစ်ဂျစ်တယ်ယွမ်ငွေ (၂၀၀)အား အပိုဆုကြေးထည့်ပေးကြောင်းနှင့် ယခုအခါ အပိုဆုကြေးအတွက် လျှောက်ထား လာသူပေါင်း (၂) သန်းကျော်ရှိသည်ဟု သိရပါသည်။

ဒစ်ဂျစ်တယ်ယွမ်ငွေသည် အခြားစီးပွားရေးအင်အားကြီးနိုင်ငံကြီးများ၏ ရှေ့သို့ ရောက်လျက် လာမည့် (၂၀၂၂) ခုနှစ်တွင် ပထမဆုံးဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်လာ နိုင်ကြောင်းနှင့် ခရီးသွားလုပ်ငန်း၊ ငွေပေးချေမှု၊  ဘဏ်အချင်းချင်း စာရင်းရှင်းလင်းခြင်းနှင့် ဗဟိုဘဏ်၏ တိုက်ရိုက်ဖလှယ်မှု လမ်းကြောင်းများကဲ့သို့ နယ်စပ်ဖြတ်ကျော်အသုံးပြုမှုများ ဆက်လက်တိုးပွားလာနိုင်ကြောင်း၊ Bitcoin ကဲ့သို့ ပုဂ္ဂလိက ဖန်တီးထားသည့်  virtual ငွေကြေးများ၏ ဖြစ်လာနိုင်သော ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် တရုတ်ဘဏ္ဍာရေး စည်းမျဉ်းချမှတ်သူတို့က ကာကွယ်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူ အချို့က ကြိုတင်ခန့်မှန်းထားပါသည်။

အစောပိုင်းက တရုတ်၏ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးဘဏ်များဖြစ်ကြ သော Tencent Holdings Ltd မှ ကျောထောက်နောက်ခံပြုထားသည့် WeBank နှင့် Alibaba ၏ Ant Group Co, မှ ထောက်ပံ့ပေးထားသော Zhejiang E-Commerce Bank Co Ltd (MY-bank) တို့အား ငွေကြေးလဲလှယ်ခြင်းနှင့် လှည့်လည်သုံးစွဲခြင်းဝန်ဆောင်မှု များကိုပေးမည့် ဒစ်ဂျစ်တယ်ယွမ်ငွေကြေး လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အဖွဲ့အစည်းများ အဖြစ် ဗဟိုဘဏ်က သတ်မှတ်ခဲ့ပါသည်။

ယခုအခါ တရုတ်နိုင်ငံ၏ ဆဌမမြောက် အကြီးဆုံး နိုင်ငံပိုင် ကူးသန်း ရောင်းဝယ်ရေးဘဏ်အားလုံးတွင် ဒစ်ဂျစ်တယ် wallet ဖွင့်လှစ်ဆောင်ရွက်နိုင်လာပြီ ဖြစ်ကာ Ele.me အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုကဲ့သို့ e-commerce platform များတွင် ဒစ်ဂျစ်တယ်ယွမ်ငွေဖြင့် ပေးချေရန် application များ ထည့်သွင်းထားပြီး ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်ယွမ်ငွေကြေးဖြင့် ပေးချေမှုစနစ် တိုးချဲ့လာခြင်းမှာ မတူညီသော အင်တာနက် platform များအား ချိတ်ဆက်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ကာ၊ Alipay နှင့် WeChat Pay တို့နှင့်အတူ ယှဉ်တွဲတည်ရှိနေမည်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဉီးချင်းနှင့် ကုမ္ပဏီတစ်ခုချင်း၏ လိုအပ်ချက်များကို e-wallet အမျိုးမျိုးဖြင့် ဖြည့်ဆည်းနိုင်ရန် ဒီဇိုင်း ပုံစံရေးဆွဲထားခြင်းဖြစ်ပါသည်။

e-wallet များ သုံးစွဲရာတွင် ဝတ်ဆင်၍ရသော စက်ပစ္စည်းများ၊ internet of things စက်ပစ္စည်းများ၊ IC ကတ်များ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနိုင်ရန် ဖန်တီးထား ကြပါသည်။ တရုတ်ဗဟိုဘဏ်က မိတ်ဆက်ပေးသော ဒစ်ဂျစ်တယ်ယွမ်ငွေတွင်လည်း  သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးကုဒ်နံပါတ်လုပ်ငန်းစဉ်နှင့်အတူ သုံးစွဲ၍ ရစေရန် စီစဉ်ပေးထားပါသည်။ ထိုသို့ စီစဉ်ပေးရခြင်းမှာ ငွေပေးချေရာတွင် လွယ်ကူစေရန်အတွက် သာမက ကပ်ရောဂါဆက်လက်ဖြစ်ပွားခဲ့ပါက စိတ်ချစွာ ခရီးသွားလာနိုင်ရေး အဆင်ပြေ ချောမွေ့စေရန်ဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်၊ China Daily (၁၆-၆-၂၀၂၁)

Loading