ပြည်ပသတင်းများ

၂၀၂၁ ခုနှစ် အကုန်တွင် နယ်သာလန်နိုင်ငံ၏ စီးပွားရေးသည် ကပ်ရောဂါမတိုင်မီ အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ခြင်း

၂၀၂၀ ခုနှစ်တွင် ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် စံချိန်တင် ကျဆင်းခဲ့သည့် နယ်သာလန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်၏ ဒုတိယသုံးလပတ်တွင် မြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူလာသည့် လက္ခဏာများရှိလာခဲ့ကာ နှစ်ကုန်တွင် ကပ်ရောဂါမတိုင်မီ ကာလက အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု နယ်သာလန်နိုင်ငံဗဟိုဘဏ်၏ semi-annual report တွင် ခန့်မှန်းထားပါသည်။

၂၀၂၁ ခုနှစ်အတွက် နယ်သာလန်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ (၃) ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပါသည်။ ကပ်ရောဂါမှ ပြန်လည်နိုးထမှုနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ဂျီဒီပီ တိုးတက်မှု (၃.၇) ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်း၊ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ဂျီဒီပီ တိုးတက်မှု (၁.၉) ရာခိုင်နှုန်းဖြင့် ပုံမှန်နှုန်းထားသို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု သိရသည်။ နယ်သာလန်ဗဟိုဘဏ်၏ ယင်းခန့်မှန်းချက်များသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံလျက်ရှိသဖြင့် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှု ကန့်သတ် ချက်များအား ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အလုံးစုံဖြေလျှော့နိုင်လိမ့်မည်ဟူသည့် ယူဆ ချက်အပေါ်အခြေခံ၍ ခန့်မှန်းထားခြင်းဖြစ်ပါသည်။

အကယ်၍ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများကို ၂၀၂၃ ခုနှစ်အထိ ဆက်လက် ထားရှိရမည်ဆိုပါက တစ်နှစ်လျှင် ပျမ်းမျှဂျီဒီပီတိုးတက်မှုနှုန်း (၁.၁) ရာခိုင်နှုန်းခန့်သာ ရှိနိုင် ကြောင်း ခန့်မှန်းထားပါသည်။ အလုပ်အကိုင်များထိန်းထားနိုင်ရေး နယ်သာလန်နိုင်ငံ အစိုးရ ၏အထောက်အပံ့အစီအမံများကို ၂၀၂၁ ခုနှစ်၏ တတိယသုံးလပတ်နောက်ပိုင်းတွင် တဖြည်း ဖြည်းချင်း ရုတ်သိမ်းသွားမည်ဖြစ်ရာ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၁ ခုနှစ်တွင် (၃.၆) ရာခိုင် နှုန်း၊ ၂၀၂၂ ခုနှစ်တွင် (၄.၅) ရာခိုင်နှုန်း ရှိနိုင်သည်ဟု သိရသည်။

နယ်သာလန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၀ ခုနှစ်တွင် (၁.၁) ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် (၁.၅) ရာခိုင်နှုန်း ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း မှာ (၁.၅) ရာခိုင်နှုန်း ရှိနိုင်ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင်မူ (၁.၈) ရာခိုင်နှုန်းသို့ ရောက်ရှိနိုင် ကြောင်း ခန့်မှန်းထားပါသည်။

ရင်းမြစ် –  (The NL Times)

 ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading