ပြည်ပသတင်းများ

ကပ်ရောဂါအကျပ်အတည်းမှ ပြန်လည်နာလန်ထူလာသည့် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်ကဏ္ဍ

၂၀၂၁ ခုနှစ်၊ ဧပြီလ၌ ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်/သွင်းကုန် နှစ်ရပ်စလုံးသည် တိုးတက်ခဲ့ပြီး၊ ကပ်ရောဂါ၏ ထိုးနှက်မှုကို ပြင်းထန်စွာကြုံတွေ့ခဲ့ရသည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ နှင့်နှိုင်းယှဉ်ပါက ပြန်လည်နာလန်ထူလာသည့် အခြေအနေဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ် (National Bank of Belgium) အရ သိရသည်။

၂၀၂၀ ခုနှစ်၊ ဧပြီလတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်သည် (၁.၃) ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး၊ သွင်းကုန်မှာ (၀.၆) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင်မူ ဘယ်လ်ဂျီယံနိုင်ငံသည် ပို့ကုန် (၄၆.၇) ရာခိုင်နှုန်း၊ သွင်းကုန် (၃၇.၈) ရာခိုင်နှုန်းတို့ဖြင့် တိုးတက်ခဲ့ကြောင်း သိရသည်။ သို့သော် ယခုကဲ့သို့ ပို့ကုန်/သွင်းကုန် တိုးတက်မှုအပြောင်း အလဲသည် ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်ဟု ဘယ်လ်ဂျီယံနိုင်ငံအမျိုး သားဘဏ်က ဖော်ပြသည်။

ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် သယ်ယူပို့ဆောင်ရေးပစ္စည်းများ၊ ဓါတုဗေဒ ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ တင်ပို့မှုမြင့်တက်ခဲ့သဖြင့် ပို့ကုန်တိုးတက်ခဲ့ခြင်းဖြစ်ပါ သည်။ အထူးသဖြင့် ဆေးဝါးတင်ပို့မှုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ တင်ပို့မှု သိသိ သာသာတိုးတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သွင်းကုန်အပိုင်းတွင် သယ်ယူပို့ဆောင်ရေး ပစ္စည်းများ အဓိကအားဖြင့် တိုးတက်ခဲ့ပါသည်။

သတ္တုတွင်းထွက်များ တင်ပို့/တင်သွင်းမှုသည်လည်း တိုးတက်ခဲ့ပါသည်။  အဓိက အကြောင်းအရင်းမှာ ဘယ်လ်ဂျီယံနိုင်ငံမှ ထုတ်လုပ်တင်ပို့သည့် သတ္တုတွင်းထွက်များအား ကမ္ဘာတစ်ဝန်းရှိ စက်မှုလုပ်ငန်းများတွင် အသုံးပြုကြကြောင်း၊ ၂၀၂၀ ခုနှစ်က ယင်းထုတ်ကုန် များကုန်သွယ်မှုကျဆင်းခဲ့ပြီးနောက် ယခုနှစ်တွင် စက်မှုလုပ်ငန်း/စက်ရုံများ ပြန်လည်နာလန် ထူလာမှုနှင့်အတူ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ကောင်းမွန်လာသည့် အခြေအနေရှိသော်လည်း ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) ၏ သက်ရောက်မှုကြောင့် တိုးတက်မှုမရှိခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံနှင့် အမေရိကန် နိုင်ငံအကြား ကုန်သွယ်မှုတွင် လျှပ်စစ်ကားများတင်သွင်းမှု လျော့ကျခဲ့သဖြင့် သွင်းကုန်ကျ ဆင်းခဲ့ကြောင်း၊ ပို့ကုန်အပိုင်းတွင်မှု ဓါတုဗေဒပစ္စည်းနှင့် ဆေးဝါးပစ္စည်းများ တင်ပို့မှု တိုးတက် ခဲ့ကြောင်း သိရသည်။

ရင်းမြစ် –    (The Brussels Times)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading