ပြည်ပသတင်းများ

WHO အသိအမှတ်ပြု COVID-19 ကာကွယ်ဆေးကို အပြည့်အဝထိုးပြီးသည့် တောင်ကိုရီးယားနိုင်ငံသို့ဝင်ရောက် လာသူများအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့မှစ၍ Self-Quarantine (၂)ပတ်အား ကင်းလွတ်ခွင့်ပြုသွားမည်

ကန့်သတ်နိုင်ငံအချို့မှအပ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) မှအသိအမှတ်ပြုထားသော COVID-19 ကာကွယ်ဆေးကို အပြည့်အဝထိုးပြီးသည့် သတ်မှတ်စည်း ကမ်းချက်များနှင့်ကိုက်ညီသော တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက်လာမည့် ခရီးသွားများအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစ၍ Self-Quarantine (၂) ပတ်ကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ် ကြောင်းတောင်ကိုရီးယားအစိုးရမှ (၁၃-၆-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ၊ တောင်ကိုရီးယားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာခရီးသွားကဏ္ဍ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု မည့်လက္ခဏာကောင်းတစ်ရပ်ဖြစ်ကြောင်း သတင်း မီဒီယာများက ရေးသားဖော်ပြလျက်ရှိကြပါသည်။

၂၀၂၁ ခုနှစ်၊ မေလ အတွင်းတွင်လည်း Self-Quarantine ကင်းလွတ်ခွင့်ပြုမှုကို တောင် ကိုရီးယားနိုင်ငံ၌ ကာကွယ်ဆေးထိုးပြီးသူများအတွက် ခွင့်ပြုခဲ့ကြောင်း၊ ယခု စည်းမျဉ်းအသစ်အရ Self-Quarantineကင်းလွတ်ခွင့်ရရှိရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့ဝင်ရောက်လာမည့် ခရီး သွားများအနေဖြင့် အောက်ပါစည်းကမ်းချက်များနှင့်ကိုက်ညီရန် လိုအပ်ကြောင်း သိရှိရပါသည်-

(က) WHO မှ အသိအမှတ်ပြုထားသော Pfizer, Janssen, Moderna, AstraZeneca, Sinopharm              နှင့် Covishield စသည့် COVID-19 ကာကွယ်ဆေးတို့ကို ‌တောင် ကိုရီးယားနိုင်ငံသို့ မဝင်ရောက်မီ (၂)ပတ်အလိုတွင် အပြည့်အဝထိုးပြီးသူဖြစ်ရမည်၊

(ခ) တောင်ကိုရီးယားသို့ မဝင်ရောက်မီ (၇၂) နာရီအတွင်း COVID-19 မရှိကြောင်း စစ် ဆေးချက် ကို တင်ပြရမည်၊

( ဂ )Self-Quarantine ကင်းလွတ်ခွင့်အတွက် Online Application ကို သက်ဆိုင်ရာ နိုင်ငံရှိ ကိုရီး ယားသံရုံး (သို့မဟုတ်) သက်ဆိုင်ရာ အစိုးရရုံး/ အေဂျင်စီများ၏ Website များတွင် လျှောက်လွှာ ကြိုတင်ဖြည့်စွက်၍ လျှောက်ထားရမည်၊

( ဃ )မည်သည့်နိုင်ငံသားဖြစ်စေကာမူ အသက် (၆) နှစ်အောက် ကလေးငယ်များ အနေဖြင့် COVID-19 ကာကွယ်ဆေး မထိုးရသေးသော်လည်း Self-Quarantine ကင်း လွတ်ခွင့်ကို လျှောက် ထားနိုင်သည်၊

( င )         ခွင့်ပြုချက်ကို ကြိုတင်လျှောက်ထားရမည်ဖြစ်၍ Self-Quarantine ကင်းလွတ်ခွင့် ပြု/ မပြုကို သက်ဆိုင်ရာနိုင်ငံမှ မထွက်ခွာမီတွင် ကြိုတင်သိရှိနိုင်မည်၊

( စ )         ခရီးမထွက်ခွာမီနှင့် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီးချိန်တို့တွင် စုစုပေါင်း COVID-19 Test (၃)ကြိမ် စစ်ဆေးရမည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိ ချိန်တွင် ဖုန်းအတွင်း Self-Diagonsis Application ထည့်သွင်း၍ (၁၄) ရက် နေ့စဉ် ကျန်းမာရေးအခြေအနေကို သက်ဆိုင်ရာသို့ သတင်းပို့ရမည်ဖြစ်ကြောင်း၊ ပြင်ပသို့ သွားလာနိုင်ပြီး၊ Mask တပ်ခြင်း၊ Social Distancing စည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်း သိရှိရပါသည်။

သို့ရာတွင် ဤကင်းလွတ်ခွင့်သည် တောင်ကိုရီးယားနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် (သို့မဟုတ်) ပညာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် လာရောက်သူများနှင့် အများပြည်သူအကျိုးစီးပွားအတွက် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများ၏ မိသားစုဝင်များ (Immediate family members) တို့သာ အကျုံးဝင်ကြောင်း၊ အခြားသော ခရီးသွားများအနေဖြင့် ပုံမှန် Quarantine နှစ်ပတ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Immediate family members အနေဖြင့် အိမ်ထောင်ဖက်များ၊ သား၊ သမီးများအဖြစ်သတ်မှတ်ပြီး၊ တော်စပ်မှုသက်သေခံ လက်မှတ်များနှင့် အလည်အပတ်လာရောက်ခြင်း၏ရည်ရွယ်ချက်တို့ကို ပြည့်စုံစွာ ဖြည့်စွက်တင်ပြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသံတမန်များအနေဖြင့် သံတမန်ဗီဇာ(A1) ရရှိထားသူဖြစ်ပါက Quarantine (၁၄) ရက် ကင်းလွတ်ခွင့်ပေးထားပါကြောင်း လေ့လာသိရှိရပါသည်။

Self-Quarantine ကင်းလွတ်ခွင့်ပြုမှုအစီအစဉ်အတွက် ကန့်သတ်နိုင်ငံများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လစာရင်းအရ COVID-19 ဗီဇကွဲ ကူးစက်ရောဂါ ကူးစက်လျက်ရှိသည့်ဒေသများ ဖြစ်သော တောင်အာဖရိက၊ မော်လဝီ၊ ဘော့စဝါနာ၊ မိုဇမ်ဘစ်၊ တန်ဇေးနီးယား၊ အက်စ်ဆွာတီနီ၊ ဇင်ဘာ ဘွေ၊ ဘင်္ဂလားဒေ့ရှ်၊ အီကွေတိုးရီရယ် ဂူနီးရား၊ ဘရားဇီးလ်၊ ဆူရီနမ်း၊  ပါရာဂွေးနှင့် ချီလီ စသည့် နိုင်ငံ/ ဒေသများမှ ခရီးသွားများအနေဖြင့် အဆိုပါ ကင်းလွတ်ခွင့်အစီအစဉ်တွင် အကျုံး မဝင်ကြောင်း၊ အကျုံးမဝင်သည့် နိုင်ငံ/ ဒေသစာရင်းသည် ရောဂါကူးစက်မှုအခြေအနေပေါ်မူတည် ၍ နေ့စဉ် ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင်စတင်အသက်ဝင်မည့် Social Distancing စည်းမျဉ်း စည်းကမ်းအသစ်များအရ  စည်းကမ်းသတ်မှတ်ချက်များ အနည်းငယ် လျော့နည်းသွား နိုင်ကြောင်း၊ ဥပမာ- စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် နိုက်ကလပ်များကို ညသန်းခေါင် အထိ ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်ပြီး၊ လူငါးဦးထက်နှင့်အထက်စုဝေးခြင်းကို တားမြစ်ခြင်းမှသည် လူရှစ်ယောက်အထိ စုရုံး ခွင့်ပြုနိုင်မည်ဖြစ်ကြောင်းလည်း လေ့လာသိရှိရပါသည်။

သတင်းရင်းမြစ်- The Korea Herald (17-6-2021)                               

ဝင်းပပသူ၊ စီးပွားရေးသံမှူး

 ဆိုးလ်

Loading