ပြည်ပသတင်းများ

ဩစတြေးလျဝိုင်ဈေးကွက် ပြောင်းလဲတင်ပို့ခြင်းက အကျိုး ကျေးဇူးများပြားစေ

ဩစတြေးလျအစိုးရသည် ပြည်တွင်းအလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့များပေးခြင်းဖြင့် ဩစတြေးလျဝိုင်ထုတ်လုပ်သူများအနေဖြင့်  နိုင်ငံတကာ ဈေးကွက်အသစ်များရရှိရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း Minister for  Trade, Investment and Tourism ၏ ၂၀-၆-၂၀၂၁ ရက်စွဲပါ သတင်းထုတ်ပြန်ချက်အရ သိရှိရ ပါသည်။ ယခုအခါ ဩစတြေးလျဝိုင်ထုတ်လုပ်သူများသည် ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဖြန့်ဖြူးခြင်းတို့တွင် ဆန်းသစ်သော ချဉ်းကပ်မှုများဖြစ်သည့် အမြင်နှင့် ဝိုင်အရသာ မြည်းစမ်း ခြင်း (virtual wine tasting)၊ ထင်ပေါ်ကျော်ကြားသူများ၊ ပြောရေးဆိုခွင့်ရှိသူများနှင့် လက်တွဲ ဆောင်ရွက်ခြင်း၊ ပြည်ပဈေးကွက်များရှိ ဝိုင်အုပ်စုများဖြစ်သည့် (sommelier groups) များနှင့် အတူတကွ အလုပ်လုပ်ခြင်းတို့ဖြင့် ဝယ်လက်အသစ်များ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။

ဩစတြေးလျနိုင်ငံတွင် ဝိုင်ထုတ်လုပ်သူ ၂,၃၀၀ ကျော်ရှိပြီး၊ ဝိုင်စိုက်ပျိုးခြင်း၊ ဝိုင် ထုတ်လုပ်မှု နှင့် ဝိုင်ခရီးသွားလုပ်ငန်းအစရှိသည့် ကဏ္ဍတစ်ခုလုံးတွင် အလုပ်အကိုင်ပေါင်း ၁၆၃,၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဩစတြေးလျဝိုင်တင်ပို့မှုမှာ အေဒေါ်လာ၂.၉သန်းခန့်ရှိကြောင်း သိရှိရပါသည်။ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွား လာရေးဝန်ကြီးက  ပြီးခဲ့သည့် မတ်သုံးလပတ်အတွင်း တင်ပို့နေကျ မဟုတ်သည့် ဝိုင်ဈေးကွက် များသို့ ရောင်းချမှုများ မြင့်တက်ခဲ့ကြောင်း၊ နယ်သာလန်နိုင်ငံသို့ တင်ပို့မှုမှာ ၆၃ % မြင့်တက် ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အေဒေါ်လာသန်း ၂၀ နှင့်တောင်ကိုရီးယားနိုင်ငံသို့ရောင်းချမှုမှာ ၁၃၃.၆ % မြင့်တက်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အေဒေါ်လာ ၁၃.၆ သန်းအထိ ရောက်ရှိခဲ့ကြောင်း ပြောကြား ထားပါသည်။ ကမ္ဘာ့ဝိုင်ဦးဆောင်ထုတ်လုပ်သူ ဩစတြေးလျနိုင်ငံအနေဖြင့် စိန်ခေါ်မှုရှိသော ကုန်သွယ်မှုဆိုင်ရာ အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိအောင် ပြုလုပ်ခြင်းဖြင့် ဝိုင်ထုတ် လုပ်သူများက ၎င်းတို့၏ ဝယ်လက်များကို ပြောင်းလဲနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အစိုးရသည် အေဒေါ်လာ ၇၂ သန်းတန်ဖိုးရှိ Agri-Business Expansion Initiative အစီအစဉ်ဖြင့် ဝိုင်ထုတ်လုပ်သူများ နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်ရန်၊ ဈေးကွက်ထောက် လှမ်းရေးနှင့်ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အစိုးရနှင့်လုပ်ငန်းကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရန် သင့်တော်သော အထောက်အပံ့များပေးခြင်းတို့ဖြင့် အကူအညီပေးလျက်ရှိပါသည်။ ယူကေနှင့် လက်မှတ်ရေးထိုးမည့် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ်အရ စာချုပ်သက်ဝင် သည်နှင့် ဩစတြေးလျ ဝိုင်အပေါ် အကောက်ခွန်နှုန်းထားများ ပယ်ဖျက်ပေးမည်ဖြစ်ရာ ဩစတြေးလျ ဝိုင်အတွက် ဆွဲဆောင်မှုရှိသည့်အပြင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းကို ရရှိစေကြောင်း သိရှိရပါသည်။

Source: www.trademinister.gov.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

၂၀၂၁ ခုနှစ်၊ ဇွန်လ  ၂၂    ရက်

Loading