ပြည်ပသတင်းများ

စားသုံးဆီ အကောက်ခွန်နှုန်းထားများအား အိန္ဒိယအစိုးရက လျော့ချခဲ့ခြင်း

အိန္ဒိယနိုင်ငံ၌ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များကြီးကြပ်မှု ဗဟိုအဖွဲ့ (CBIC) သည်စားသုံးဆီများ တင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းထားများအား ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ၁၆-၆-၂၀၂၁ နေ့တွင် ထုတ်ပြန်ခဲ့ရာ ပြည်တွင်း လက်လီဈေးကွက်အတွင်း ကာလအတန်ကြာ မြင့်တက်နေခဲ့သော စားသုံးဆီဈေးနှုန်း များမှာ ကျဆင်းလာဖွယ်ရှိပါသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်အရ စားအုန်းဆီကြမ်း (crude palm oil) ၁ တန်လျှင် ၁၁၃၆ အမေရိကန်ဒေါ်လာ သွင်းကုန်အခွန်ကောက်ခံမည်ဖြစ်ရာ ယခင်နှုန်းထားအောက် ၈၆ ဒေါ်လာ လျော့ကျခဲ့သည်။ အလားတူ ပဲပုတ်ဆီကုန်ကြမ်း တင်သွင်းရာ၌ ၁ တန်လျှင် အကောက်ခွန် ၁၄၅၂ အမေရိကန်ဒေါ်လာ ကောက်ခံလျက်ရှိရာမှ ယခုအခါ ၃၇ ဒေါ်လာ လျော့နည်းလျက် ၁၄၁၅ ဒေါ်လာ/တန် နှုန်းထားသို့လည်းကောင်း ပြန်လည်သန့်စင်ပြီး စားအုန်းဆီကုန်ကြမ်း (crude palmolein) အပေါ် ၁ တန်လျှင် ၁၁၂ အမေရိကန်ဒေါ်လာ လျော့ကျလျက် ၁၁၅၀ ဒေါ်လာ/တန် နှုန်းထားသို့ လည်းကောင်း ပြင်ဆင်ခဲ့သည်။  ပြန်လည် သန့်စင်/အရောင်ချွတ်/အနံ့သတ် လုပ်ငန်းဆောင်ရွက်ထားသည့် RBD palm oil နှင့် RBD palmolein တို့အပေါ်ကောက်ခံသည့်သွင်းကုန် အခွန်များမှာလည်း ၁ တန်ပေါ်တွင်အမေရိကန် ဒေါ်လာ ၉၇ နှင့် ၁၁၂ အသီးသီး လျော့နည်းလျက် ၁၁၄၈ ဒေါ်လာ/တန် နှင့် ၁၁၅၃ ဒေါ်လာ/တန် နှုန်းထားများသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုသို့ ပြင်ဆင်သတ်မှတ်ချက်မှာ ၁၇-၆-၂၀၂၁ နေ့မှ စတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း အိန္ဒိယပြည်တွင်းအခွန်ဦးစီးဌာနက ဖော်ပြထားသည်။ နယူးဒေလီမြို့ရှိ အခွန်ဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းဖြစ်သော AMRG & Associates မှ အကြီးတန်း မိတ်ဖက်အရာရှိ Mr. Rajat Mohan က အိန္ဒိယပြည်တွင်း၌ စားသုံး ဆီထုတ်လုပ်မှု ပမာဏနှင့် စားသုံးမှုတို့အကြား ကွာဟချက်ကြီးမားခြင်းက သွင်းကုန်မြင့် တက်မှုကို ဖြစ်ပေါ်စေပြီး လွန်ခဲ့သော လအနည်းငယ်ကာလ၌ လက်လီဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခု အစိုးရ၏ဆောင်ရွက်ချက်သည် စားသုံးဆီ သွင်းအားစုကွင်းဆက် တစ်လျောက်၌ ဆင့်ပွားအကျိုး သက်ရောက်မှုကို ဖြစ်ပေါ်လျက် စားသုံးများအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောဆိုပါသည်။ EY စီးပွားရေးဆန်းစစ်အကဲဖြတ်လုပ်ငန်းမှ အခွန်ဆိုင်ရာသုတေသီ Mr. Abhishek Jain ကမူ ယခုစားသုံးဆီတင်သွင်းမှုအပေါ် ကောက်ခံ သည့်အခွန်မှာ ကုန်စည်၏တန်ဖိုးအပေါ် မူတည်၍ ကောက်ခံသော အကောက်ခွန်မဟုတ်ပဲ ကုန်သွယ်သည့်တန်ဖိုး မည်မျှရှိသည်ဖြစ်စေ ကုန်စည်ပမာဏအပေါ်ကောက်ခံခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဤကဲ့သို့ နှုန်းထားများ လျော့ချ ပေးခြင်းက သွင်းကုန်လုပ်ငန်းရှင်နှင့် စားသုံးသူများ အတွက် စရိတ်စကများ လျော့နည်းသက်သာမှုကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားပါသည်။

အိန္ဒိယ ဆီကြိတ်စက်လုပ်ငန်းရှင်များအသင်း (SEA) ၏ စာရင်းများအရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် မေလအတွင်း အိန္ဒိယနိုင်ငံအတွင်းသို့ စားသုံးရန်နှင့် စားသုံး ရန်မဟုတ်သော ဟင်းသီးဟင်းရွက်ဆီ တန်ချိန်ပေါင်း ၇၆၇၇၉၉၈ တန် တင်သွင်းခဲ့ပြီး ယခင်နှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ၉% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရက စားသုံးဆီဈေးနှုန်းများမှာ ယခင်လကတည်းကပင် ပြန်လည် စတင် ကျဆင်းလျက်ရှိပြီး ပြည်တွင်း၌ စားသုံးဆီကဏ္ဍ ကိုယ်ပိုင်ဖူလုံမှုရှိစေရေး ကာလလတ် နှင့် ကာလရှည် အစီအမံများကို ချမှတ်ဖော်ဆောင်လျက်ရှိသည်ဟု ပြောဆိုကြောင်း၊ အမည် ဖော်ပြလိုခြင်း မရှိသော ဌာနဆိုင်ရာ အရာရှိတစ်ဦးကလည်း အစိုးရသည် အကောက်ခွန်နှုန်း ထားများကို လျော့ချခြင်းမရှိကြောင်းနှင့် စားသုံးဆီ အခွန်နှုန်းထားများလျော့ချခြင်းမှာ ရေရှည် တည်တံ့မည့် ဖြေရှင်း ချက်မဟုတ်ပဲ ကာလရှည်အတွက် အဖြေရှာဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်ဟု ပြောဆိုကြောင်းဖြင့် Economic Times သတင်းဌာနမှ ဖော်ပြပါသည်။

Source:        1. Govt slashes tariff value for edible oil import, may lead to lower domestic prices, 17-6-2021, Economic Times

  1. India cuts base import price of palm oil and soyaoil, 17-6-2021, The Hindu Businessline

နေအေးလွင်၊ စီးပွားရေးသံမှူး

ဒေလီ

Loading