ပြည်ပသတင်းများ

ယူကေနှင့် ဩစတြေးလျ အစားအသောက်စံချိန်စံညွှန်းများ မတူညီမှုကြောင့် ကုန်သွယ်ရေးသဘောတူစာချုပ်တွင် ကွဲပြား ခြားနားမှုများဖြစ်ပေါ်

ယူကေနှင့် ဩစတြေးလျနိုင်ငံတို့အကြား အစားအသောက်နှင့် လယ်ယာစိုက်ပျိုးရေး စံချိန်စံညွှန်းသတ်မှတ်ချက် ကွဲပြားခြားနားမှုများသည် လာမည့်ကုန်သွယ်မှုသဘောတူစာချုပ် အတွက် စိုးရိမ်ဖွယ်ရာ ပြဿနာများအဖြစ် ပေါ်ထွက်လာကြောင်း သိရှိရပါသည်။ ဗြိတိန် စိုက်ပျိုး မွေးမြူသူများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် စားသုံးသူများက သြစတြေးလျ မှတင်သွင်းမှုသည် ဗြိတိန်နိုင်ငံ၏ မြင့်မားသော စားနပ်ရိက္ခာစံနှုန်းများ နှင့်တိရိစ္ဆာန်သက်သာ ချောင်ချိရေးကို ထိခိုက်စေလိမ့်မည်ဟု စိုးရိမ်လျက်ရှိနေကြပါသည်။ လယ်ယာစိုက်ပျိုးရေး စံချိန် စံညွှန်းသတ်မှတ်ချက် ကွဲပြားခြားနားမှုများတွင်ဟော်မုန်းများ အသုံးပြုခြင်းမှ ပိုးသတ်ဆေးအသုံး ပြုခြင်းအထိပါဝင်ပြီး၊ မကြာသေးမီက ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းမည့် လယ်ယာ စိုက်ပျိုးရေးနည်းလမ်းများဆိုင်ရာ စည်းမျဉ်းများလည်း အပါအဝင်ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား သဘောတူစာချုပ်ချုပ်ဆိုရန် နီးကပ်လာသည်နှင့်အမျှ ဗြိတိန်စိုက်ပျိုး မွေးမြူသူများသည် လာမည့် ကုန်သွယ်ရေးသဘောတူ စာချုပ်အတွက်များစွာ စိုးရိမ်ပူပန်လျက်ရှိ ကြောင်းသိရှိရပါသည်။ အကြောင်းမှာ ဩစတြေးလျတွင် လက်ခံကျင့်သုံးလျက်ရှိသော စိုက်ပျိုး ရေးသုံး ဓာတုပစ္စည်းပေါင်း (၂၀) ကျော် နှင့်အချို့သော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယူကေနိုင်ငံတွင် တားမြစ်ထားခြင်းဖြစ်ရာ ဩစတြေးလျ စိုက်ပျိုးမွေးမြူသူများ အနေဖြင့် ဆောင်ရွက်ခွင့်ရှိသော် လည်း ယူကေ စိုက်ပျိုးမွေးမြူသူများအနေဖြင့် ဆောင်ရွက်ခွင့် မရှိသည့်အတွက် ဖြစ်ပါသည်။

နှစ်နိုင်ငံအကြားကွဲပြားခြားနားသည့် အစားအသောက်နှင့် စိုက်ပျိုးရေး စံချိန်စံညွှန်း သတ်မှတ်ချက်များကြောင့်ယခုချုပ်ဆိုမည့်သဘောတူစာချုပ်မှာ ယူကေ၏ အစားအသောက် စံနှုန်း သတ်မှတ်ချက်များကို အလျှော့ပေးမည်(သို့) ဩစတြေးလျ၏ ပို့ကုန်များအပေါ် မြင့်မားသောစံနှုန်း များသတ်မှတ်မည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။

ဩစတြေးလျနိုင်ငံတွင် ဟော်မုန်းတိုးတက်မှုမြှင့်တင်ရေး (Hormonal growth promotants-HGPs)ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိသော်လည်း အီးယူတွင် တားမြစ် ထားပြီး၊ ယူကေနိုင်ငံတွင် ၁၉၈၈ ခုနှစ်ကတည်းက တားမြစ်ထားခြင်းဖြစ်ပါသည်။ Food Standards Australia New Zealand (FSANZ) အရ ဩစတြေးလျနိုင်ငံ၏ ကျွဲ၊ နွား ၄၀% မှာ အသားအထွက် တိုးရန် HGPs များကို အသုံးပြုထားကြောင်း၊ နွားရွက်အနောက်ဖက် အရေပြားအောက်တွင်ထည့် သွင်းထားကာရက်ပေါင်း ၁၀၀ မှ ၂၀၀ အတွင်း ဆေးပမာလျှော့ချပေးကြောင်း နှင့်လေ့လာချက်များ အရ HGPs အသုံးပြုမွေးမြူထားသည့် ကျွဲ၊ နွားများမှာ ၁၀% မှ ၃၀ % အတွင်း အသားပိုမို အထွက်တိုးကြောင်း သိရှိရပါသည်။

ဥရောပကော်မရှင်ကမူ ဟော်မုန်းကုသမှုကို ကင်ဆာရောဂါအဖြစ် သတ်မှတ်ထားပြီး၊ လူ သားကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း မှတ်ယူထားသော်လည်း ဩစတြေးလျနှင့် အခြားနိုင်ငံများကမူ အဆိုပါပြောဆိုချက်အပေါ် သိပ္ပံပညာအထောက်အထားများ မတွေ့ရှိရ ကြောင်းထုတ်ဖော်ပြောကြားထားပါသည်။ ယူကေသည် ဩစတြေးလျနှင့် ကုန်သွယ်ရေး သဘော တူညီချက်တွင် ၎င်း၏ စံနှုန်းသတ်မှတ်ချက်ကို ပြောင်းလိုက်ပြီး၊ အမေရိကန်နိုင်ငံကဲ့သို့ အခြား နိုင်ငံများမှ ဟော်မုန်းနှင့်မွေးမြူထားသည့်အမဲသားများကိုဝင်ခွင့်ပေးမည်ကို စိုးရိမ်လျက် ရှိကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ဩစတြေးလျသည် အီးယူက အသိအမှတ်ပြုထားသည့် ဟော်မုန်း ကင်းလွတ်သည့် အသားတစ်ချို့ကို တင်ပို့လျက်ရှိပါသည်။ သို့သော်လယ်ယာမြေ တစ်ခုလုံးအတွက် HGPs ကင်းလွတ်သော ထုတ်ကုန်များဖြစ်စေရန်နှင့် တိရိစ္ဆာန်များ HGPs ကင်းလွတ်စေရန်နှင့် အဆိုပါအခြေအနေကို ထိန်းသိမ်းနိုင်ရန် နှစ်စဉ်စစ်ဆေးခြင်းစသည့် တင်းကျပ်သော လမ်းညွှန်ချက် များရှိကြောင်း သိရှိရပါသည်။

အီးယူနှင့် ယူကေတို့သည် ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးများတွင် အသုံးပြုလေ့ ရှိသော ပိုးသတ်ဆေးအမြောက်အမြားကို တားမြစ်ပိတ်ပင်ခြင်း (သို့) တင်းကျပ်သော စံနှုန်းများ ကိုသတ်မှတ်ထားပါသည်။ ဩစတြေးလျနိုင်ငံ၏ ချည်၊ ကာနိုလာ၊ နှံစားသီးနှံ၊ နေကြာ၊ အာလူးနှင့် များစွာသော ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးများတွင် အသုံးပြုသည့် neonicotinoids ပိုးသတ်ဆေးကို အီးယူနှင့်ယူကေတို့တွင် ပျားများကို အန္တရယ်ပြုနိုင်သည့် အတွက်အသုံးပြုခြင်းကို တားမြစ်ထားပါသည်။ ယူကေတွင် ပိုးသတ်ဆေးများ ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်မတိုင်မီ လိုင်စင်သက်တမ်းကို ၁၅ နှစ်ခွင့်ပြုထားသော်လည်း ဩစတြေးလျနိုင်ငံတွင် အချိန်ကာလသတ် မှတ်ထားခြင်းမရှိပေ။

နှစ်နိုင်ငံအကြား တိရစ္ဆာန်သက်သာချောင်ချိရေး စည်းမျဉ်းများတွင် အဓိကကွဲပြား ခြား နားမှုများအနက်တစ်ခုမှာ လှောင်အိမ်များ၊ တစ်ကိုယ်စာအခန်းငယ်များနှင့်မွေးမြူသော   မွေးမြူ ရေးတိရစ္ဆာန်များ(Intensively farmed livestock) ဖြစ်သည်။ အီးယူ နှင့်ယူကေတို့ တွင်လှောင် အိမ်များနှင့် တိရိစ္ဆာန်မွေးမြူခြင်းကို တားမြစ်ထားသော်လည်း ဩစတြေးလျတွင် ပိတ်ပင်ထား မြစ်ထားခြင်းမရှိပါ။ ဝက်များတွင်လည်း ထိုနည်းတူဖြစ်ကြောင်း၊ ဩစတြေးလျ စနစ်နှင့်မတူသည် မှာ ယူကေနိုင်ငံတွင် ဥပဒေအရ ဝက်မများမှာ ကျဉ်းကျုတ်သည့် တစ်ကိုယ်စာ အခန်းငယ်များတွင် နေရခြင်းက အချိန်နည်းပါးကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ယူကေနိုင်ငံက တစ်ကိုယ်စာအခန်းငယ်များ နှင့်မွေးမြူခြင်းကို တားမြစ်ထားပါကြောင်း၊ ဩစတြေးလျနိုင်ငံတွင်မူ ဝက်လုပ်ငန်းကဏ္ဍက တစ်ကိုယ်စာအခန်းငယ်များနှင့် မွေးမြူခြင်းကို မိမိသဘောဆန္ဒ အလျောက် တဖြည်းဖြည်း ရုပ် သိမ်းလျက်ရှိကြောင်း၊ ဩစတြေးလျနိုင်ငံရှိ ထုတ်လုပ်သူ အမြောက်အမြားမှာ ယင်းကဲ့သို့နည်း စနစ်ဖြင့် ထုတ်လုပ်လျက်ရှိကြပါကြောင်း၊ အကယ်၍ ယူကေသို့ ကုန်စည်များ မတင်ပို့မီယင်းနည်း စနစ်ဖြင့် ကိုက်ညီရမည်ဆိုပါက ဩစတြေးလျ ထုတ်လုပ်သူများအနေဖြင့် ယူကေ၏ မြင့်မားသော စံချိန်စံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

အီးယူမှ ယူကေနိုင်ငံ ထွက်ခွာပြီးသည့်နောက်တွင် ယူကေ၏ စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေအသစ်က ခြံစည်းရိုးစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေး နှင့်ပဋိဗီဝဆေး သုံးစွဲမှု လျှော့ချခြင်းအပါအဝင် စိုက်ပျိုးမွေးမြူသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုလုပ် ဆောင်နိုင်မည့် မက်လုံးများကို မိတ်ဆက်ပေးမည်ဖြစ်ရာ ၎င်းပြောင်းလဲမှုများမှာ အပြုသဘော ဆောင်သော်လည်း ယူကေစိုက်ပျိုးမွေးမြူသူများအတွက်ကုန်သွယ်မှု သဘောတူစာချုပ်ကကာ ကွယ်နိုင်ခြင်းမရှိသည် ကိုစိုးရိမ်လျက်ရှိကြကြောင်းနှင့် သဘောတူစာချုပ်မှာ ယူကေနိုင်ငံ၏ ကြီးမား သောစီးပွားရေးဖြစ်သည့် နည်းပညာကုမ္ပဏီများ၊ အင်ဂျင်နီယာနှင့် အခြားသောကဏ္ဍများအတွက် သာဖြစ်ပြီး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ထည့်သွင်းစဉ်းစားထားခြင်းမရှိမည်ကို ယူကေ စိုက်ပျိုးမွေးမြူသူများက စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

Brexit နောက်ပိုင်း အီးယူနှင့် ယူကေတို့သည် သြစတြေးလျနှင့်ကုန်သွယ်ရေးသဘော တူညီချက်အသစ်များကို ညှိနှိုင်းဆွေးနွေးကြလိမ့်မည်ဖြစ်ပြီး၊ အီးယူနှင့်ယူကေနိုင်ငံတို့၏ မြင့်မား သော စံချိန်စံညွှန်းများကို လျှော့ချခြင်းထက် နိမ့်ကျလျက်ရှိသော ဩစတြေးလျ၏  စံနှုန်းများကို မြှင့်တင်ခြင်းက သဘောတူညီချက်တစ်ခုလုံး၏ ခြုံငုံသက်ရောက်မှုဖြစ်ပါကြောင်း နှင့်ယူကေ စိုက် ပျိုးမွေးမြူသူများအနေဖြင့်လည်း ၎င်းတို့၏ စံချိန်စံညွှန်းများကျဆင်းသွားမည့် အရေးအတွက် အထိတ်တလန့်ဖြစ်စေကြောင်း သိရှိရပါသည်။

Source: www.abc.net.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

၂၀၂၁ ခုနှစ်၊ ဇွန်လ  ၁၆    ရက်

Loading