ပြည်ပသတင်းများ

ဘာရိန်းနိုင်ငံသို့ အိန္ဒိယသရက်သီးများတင်ပို့မှု စတင်ခြင်း

အိန္ဒိယနိုင်ငံအစိုးရသည် သစ်သီးဝလံကဏ္ဍမှ ပို့ကုန်များ တိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံအရှေ့ပိုင်းဒေသများ၌ စိုက်ပျိုးထွက်ရှိသော သရက်သီး အမျိုးအစား ၁၆ ခုကို ဘာရိန်းနိုင်ငံသို့ တင်ပို့မှု စတင်နိုင်ခဲ့ကြောင်း လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ၏ ၈-၆-၂၀၂၁ နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

APEDA အာဏာပိုင်အဖွဲ့က ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံအတွင်း သမားရိုးကျ မဟုတ် သောဒေသများနှင့် ပြည်နယ်များမှ ထွက်ရှိသော သရက်သီးများအား ပြည်ပတင်ပို့မှု မြှင့်တင်ရန် အတွက် အင်တာနက်ကွန်ယက်မှ ရောင်းသူနှင့်ဝယ်သူ တွေ့ဆုံပွဲများနှင့် သစ်သီးဝလံပြပွဲများ အပါအဝင် အစီအမံများကို အစပြုဆောင်ရွက်ခဲ့ကြောင်း၊ မကြာသေးမီက ဂျာမဏီနိုင်ငံ ဘာလင် မြို့၌ သရက်သီးပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ အလားတူ ကိုရီးယားနိုင်ငံရှိ အိန္ဒိယကုန်သည် လုပ်ငန်းရှင်များအသင်း (ICCK)၊ အိန္ဒိယသံရုံးတို့နှင့် ပူးပေါင်း၍ သရက်သီးပို့ကုန်မြှင့်တင်ရေးဆိုင် ရာ ရောင်းသူ/ဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲ (Virtual Buyer Seller Meet) ကိုလည်း ကျင်းပနိုင်ခဲ့ ကြောင်း၊ မေလဆန်းပိုင်း၌ အိန္ဒိယတောင်သူလယ်သမား သမဝါယမလီမိတက် တစ်ခုဖြစ်သော  IFFCO Kisan SEZ  သည် အန္တရာပရာဒေ့ရှ်ပြည်နယ်မှ ထွက်ရှိသော ပထဝီဒေသဆိုင်ရာ အညွှန်း (GI) အသိအမှတ်ပြုလက်မှတ်ရ Banganapalli အမျိုးအစား အပါအဝင် သရက်သီး ၂.၅ တန်ကို တောင်ကိုရီးယားသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ ၎င်းကုမ္ပဏီလီမိတက်သည် ယခုနှစ် သီးနှံရာသီအတွင်း သရက်သီး ၆၆ တန်ကို တင်ပို့ရန် တောင်ကိုရီးယားနိုင်ငံရှိ Meejaim လုပ်ငန်းစုနှင့် စာချုပ်ချုပ်ဆို ထားကြောင်း၊ ယခု အနောက်ဘင်ဂယ်ပြည်နယ်မှ ထွက်ရှိသည့် GI အသိအမှတ်ပြု လက်မှတ်ရ Khirsapati နှင့် Lakshmanbhog နှင့် ဘီဟာပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်သော GI လက်မှတ်ရ Zardalu တို့အပါအဝင် သရက်သီး ၁၆ မျိုးကို ကောလ်ကတ္တားမြို့အခြေစိုက် DM Enterprises မှ ဘာရိန်းနိုင်ငံရှိ Al Jazeera Group ထံသို့ စတင်တိုးချဲ့ တင်ပို့နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၌ ပြည်နယ်အများအပြားတွင် သရက်သီးစိုက်ပျိုးထွက်ရှိပြီး ဥတာပရာဒေ့ရှ်၊ ဘီဟာ၊ အန္တရာပရာဒေ့ရှ်၊ တဲလန်ဂါနာနှင့် ကာနာတကာ ပြည်နယ်များသည် အဓိကထုတ်လုပ် တင်ပို့သည့် ဒေသများဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၌ သရက်သီးထုတ်ကုန်များအား APEDA ၌ မှတ်ပုံတင်ထားသည့် ထုပ်ပိုးပြုပြင်ရေး အလုပ်ရုံများ၌ သန့်စင်ပြုပြင်ပြီးမှ လတ်ဆတ်သရက်သီး၊ သရက်သီးဖျော်ရည်နှင့် သရက်သီးအခြောက် ဟူ၍ ပုံစံ ၃ မျိုးဖြင့် ပြည်ပသို့ တင်ပို့ခြင်းဖြစ် ကြောင်း၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံ များသည် အိန္ဒိယ၏ သရက်သီး အဓိကတင်ပို့ရာဈေးကွက်များ ဖြစ်ကြောင်း သိရှိရသည်။

Source:

  1. India commences export of 16 varieties of mangoes to Bahrain, 9-6-2021, The       Hindu Businessline
  2. Sixteen varieties of mangoes including three GI certified varieties exported to Bahrain from West Bengal & Bihar, 8-6-2021, Press Information Bureau of India

နေအေးလွင်၊ စီးပွားရေးသံမှူး

ဒေလီ

Loading