ပြည်ပသတင်းများ

လာမည့်ရာသီတွင် ဝါဂွမ်းထုတ်လုပ်မှု မြင့်တက်ခြင်းနှင့်အတူ အေဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးခန့်ရရှိနိုင်ကြောင်းခန့်မှန်း

ပြီးခဲ့သည့် မတ်လအတွင်းက မိုးအနှံ့ရွာသွန်းမှုကြောင့် ဩစတြေးလျ ဝါဂွမ်းထုတ်လုပ်မှု မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ယခုရာသီတွင် နိုင်ငံအဆင့် ကောက်ပဲသီးနှံထွက်ရှိမှုမှာ  ၄ ဆ ခန့်မြင့်တက်ခဲ့ပြီး၊ အေဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုး မြေ အများစုတွင် မိုးခေါင်ရာသီဖြစ်ပေါ်ခဲ့မှုမှာ  ပြီးခဲ့သည့် ၁၂ လအတွင်း လျော့ပါးလာပြီး၊ မကြာသေး မီလအနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုတို့က ဝါဂွမ်းထုတ်လုပ်မှု ကဏ္ဍကို နောက်ရာသီအတွက် ထုတ်လုပ်မှုပမာဏ များပြားလာစေခြင်းဖြစ်ပါသည်။ နေရာအနှံ့ မိုးရွာသွန်းမှု က လာမည့်ရာသီအတွက် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုကို ချည်ထုတ် (bale) ၂ သန်း မှာ ၂ဆ ဖြစ် သည့် ၄ သန်းသို့ ရောက်ရှိစေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယမန်နှစ်ကမူ နိုင်ငံအဆင့် စံချိန် တင်ထုတ်လုပ်မှုအနည်းဆုံးသို့ ရောက်ရှိခဲ့ပါသည်။ သို့သော်လည်း ဝါဂွမ်းထုတ်လုပ်မှုကဏ္ဍမှာ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးမပြေလည်မှုကြောင့် ၎င်း၏အကြီးဆုံး ဈေးကွက်ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရဆဲဖြစ်ပါသည်။

ယမန်က ထုတ်လုပ်မှုမှာ နှစ်ပေါင်း (၄၀) အတွင်း အနိမ့်ဆုံးထုတ်လုပ်မှုအဖြစ် ချည်ထုတ် ပေါင်း ၆၀၀,၀၀၀ အောက်သာထုတ်လုပ်နိုင်ခဲ့ပါသည်။ ယခုနှစ်တွင် ချည်ထုတ် ၂.၈ သန်းအထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး၊ ထုတ်လုပ်မှုတိုးတက်မှုအရှိဆုံး ဧရိယာမှာ ကွင်းစ လန်ပြည်နယ်နှင့် နယူးဆောက်ဝေးလ်ပြည်နယ်တို့အကြား ဧရိယာဟု သိရှိရပါသည်။ ယခင်က တရုတ်နိုင်ငံသို့ ထုတ်လုပ်မှု၏ ၇၀ % ကျော်ကို တင်ပို့လျက်ရှိပြီး၊ နှစ်စဉ်တန်ဖိုးအားဖြင့် အေ ဒေါ်လာသန်း ၈၀၀ ခန့်တင်ပို့လျက်ရှိရာ ယခုကဲ့သို့ ထုတ်လုပ်မှုကဏ္ဍ ပြန်လည်နိုးထ လာချိန်တွင် တရုတ်နိုင်ငံ ဈေးကွက်ဆုံးရှုံးမှုကြောင့် နောက်ထပ်ဈေးကွက်အသစ်များ ရှာဖွေရန် အရေးတကြီး လိုအပ်နေပြီဖြစ်ပါသည်။

တရုတ်နိုင်ငံရှိ ချည်ငင်စက်ရုံများမှာ ဩစတြေးလျမှ ဝါဂွမ်းများကို ဝယ်ယူခြင်းမပြုရန် တရုတ်အစိုးရ အာဏာပိုင်များက သတိပေးထားကြောင်းနှင့် ဝယ်ယူပါက နောက်ရာသီအတွက် အကောက်ခွန်နှုန်းကင်းလွတ်ကိုတာ ခံစားခွင့်ရှိမည်မဟုတ်ကြောင်း သိရှိရပါသည်။

Source: www.dfat.gov.au: www.abc.net.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

၂၀၂၁ ခုနှစ်၊ ဇွန်လ  ၁၀    ရက်

Loading