ပြည်ပသတင်းများ

မုယောစပါးအငြင်းပွားမှု ဖြေရှင်းရေးအတွက် ခုံရုံးဖွဲ့စည်းရန် WTO သို့ ဩစတြေးလျက တောင်းဆိုမည်

တရုတ်နိုင်ငံက ဩစတြေးလျမုယောစပါးအပေါ် တန်ပြန်စုပုံ တင်သွင်းခွန် စည်းကြပ်ကောက်ခံမှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုဖြေရှင်းမည့် ခုံရုံးဖွဲ့စည်းပေးရန် WTO သို့ တောင်းဆို မည်ဖြစ်ကြောင်း  ဩစတြေးလျ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးဝန်ကြီးနှင့် လယ်ယာ စိုက်ပျိုးရေး၊ မိုးခေါင်ရေရှားနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးတို့ (၂၈-၅-၂၀၂၁) ရက်နေ့ တွင် ပူးတွဲထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ ယင်းကဲ့သို့ ခုံရုံးဖွဲ့စည်းခြင်း မှာအငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်အတွက် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ လုပ်ငန်းစဉ် ၏နောက်ထပ်အဆင့်အနေဖြင့် ခုံရုံးတွင် အငြင်းပွားမှု ကိုစစ်ဆေးဆုံးဖြတ်ပေးမည့်  လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် ခန့်အပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဤပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ဩစတြေးလျအစိုးရက ယခုအထိ တရုတ် နိုင်ငံနှင့် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ဆက်လက်လမ်းဖွင့်ပေးထားကြောင်း သိရှိရ ပါသည်။ ဩစတြေးလျအစိုးရသည် WTO တွင် အငြင်းပွားမှု ဖြေရှင်းရန် ခုံရုံးဖွဲ့စည်း ဖြေရှင်းခြင်း ဖြင့် ဩစတြေးလျ မုယောစပါးထုတ်လုပ်သူများ၏ အကျိုးစီးပွားကို ဆက်လက်၍ တက်တက် ကြွကြွ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဩစတြေးလျ မုယောစပါးများကို တရုတ်နိုင်ငံက၂၀၂၀ ပြည့်နှစ်၊ မေလမှစတင်၍ Anti-dumping and Countervailing Duty ၈၀ % ကျော်စည်းကြပ်ကောက်ခံခဲ့မှုကြောင့် တရုတ်နိုင်ငံသို့ ဩစတြေးလျ မုယောစပါး တင်သွင်းမှု ရပ်တန့်ခဲ့ရခြင်း ဖြစ်ပါသည်။

Loading