ပြည်ပသတင်းများ

ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ဧပြီလတွင် ခိုင်မာ သည့် တိုးတက်မှုရရှိခဲ့ခြင်း

ပြည်ပပို့ကုန်များသည်အားကောင်းခိုင်မာသော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ပြီး ဧပြီလတွင် အမေရိကန်ဒေါ်လာ (၂၀) ဘီလီယံကျော်ရရှိကာ (၃၆) လအတွင်း အမြင့်ဆုံး တိုးတက်မှုအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက  ပြည်ပပို့ကုန်များအနေဖြင့် ဒုတိယမြောက်လအဖြစ် ဆက်တိုက် တိုးတက်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလတွင် ပို့ကုန်ကျဆင်းမှု (၂.၅၉%)၊ မတ်လတွင် ပို့ကုန်တိုးတက်မှု (၂.၅၉%) ရှိခဲ့ပြီးနောက် ဧပြီလတွင် (၈.၄၇%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၁.၄) ဘီလီယံ ရရှိခဲ့ကြောင်း (၂၆.၅.၂၀၂၁) ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့ပါသည်။

ရွှေ၊ ရေနံနှင့်ဆက်စပ်ထုတ်ကုန်များ၊  လက်နက်တို့မပါဝင်ဘဲ ပို့ကုန်အမှန်တင်ပို့မှုသည် မတ်လတွင် (၁၂%) တိုးတက်ခဲ့ပြီးနောက် ဧပြီလတွင် (၂၅.၇%) တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်တင် သွင်းမှုမှာလည်း (၂၉.၈%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၁.၃) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ် အဖြစ် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁၈၂) သန်းရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၁  ခုနှစ် ပထမ(၄) လအတွက် ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့်(၄.၇၈%)တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၈၅.၆) ဘီလီယံရရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း(၁၃.၉%) မြင့် တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၈၄.၉) ဘီလီယံရရှိခဲ့ကြောင်း၊ ရလဒ်အဖြစ် ကုန်သွယ်မှုပိုငွေ အမေ ရိကန် ဒေါ်လာ (၆၉၈) သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ဧပြီလတွင် ပီလောပီနံထုတ်ကုန်၊ ရာဘာ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ လတ် ဆတ်နှင့် အေးခဲကြက်သားများ၊ စားအုန်းဆီ၊ အဖျော်ယမကာများနှင့်ရာသီပေါ်သစ်သီးဝလံ များကဲ့ သို့သော လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် အစားအစာများ တင်ပို့မှုအားကောင်းခဲ့ကြောင်း သိရှိရပါသည်။ အခြားတိုးတက်မှုရရှိခဲ့သော ထုတ်ကုန်များတွင် အိမ်မှနေရင်း အလုပ်လုပ်သည့် ထုတ်ကုန်များနှင့် ကွန်ပျူတာများ၊ ပရိဘောဂများနှင့်အစိတ်အပိုင်းများ၊ မိုက်ခရိုဝေ့ မီးဖိုများ၊ ရေခဲ သေတ္တာများနှင့် Freezersများ၊ အဝတ်လျှော်စက်များ၊ ရေဒီယိုနှင့် တယ်လီဗေးရှင်း ဖမ်းစက်များ နှင့်အစိတ်အပိုင်းများ၊ ဆဲလ်ဖုန်းများနှင့် အစိတ်အပိုင်းများစသည့်အိမ် အသုံးအဆောင် ပစ္စည်းများ ဖြစ်ကြောင်းသိရှိရပါသည်။

ရာဘာလက်အိတ်များ၊ ဆေးပစ္စည်းကရိယာများနှင့် အစိတ်အပိုင်းများစသည့် Covid-19 ဆက်စပ်ပစ္စည်းများလည်း အဆိုပါဧပြီလတွင်  တင်ပို့မှုတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ စတီး နှင့် အပိုပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများ၊ ကော်စေ့များ၊ အီလက်ထရောနစ်ဆားကစ်ဘုတ်များ၊ လားတူထုတ်ကုန်ပစ္စည်းများနှင့် မော်တော်ကားနှင့်အစိတ်အပိုင်များ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာများ (ရွှေမပါသော) စသည့် ဇိမ်ခံပစ္စည်းများလည်း ဧပြီလတွင် တင်ပို့မှုတိုးတက်ခဲ့ကြောင်းသိရှိ ရပါသည်။ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်နှင့် စက်မှုလယ်ယာထုတ်ကုန်များလည်း ပဉ္စမမြောက်လ အဖြစ်ဆက်တိုက်တိုးတက်ခဲ့ကြောင်း၊ ၄င်းပစ္စည်းများအနေဖြင့် ဧပြီလတွင်နှစ်အလိုက်၌ (၇.၃%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၄) ဘီလီယံရရှိခဲ့ကြောင်း၊ ၄င်းတို့တွင်ရာဘာ (+၈၅.၂%) ဖြင့်ဉီး ဆောင်လျှက်ရှိကြောင်း၊ လတ်ဆတ်၊ အေးခဲနှင့်အခြောက်ခံဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံ များ(+၂၂.၃%)၊ ပီလောပီနံ (+၄၀.၀%)၊ အဖျော်ယမကာများ (+၃၀.၆%)နှင့် တိရစ္ဆာန်အစားအစာများ (+၁၁.၃%) တို့ဖြစ်ကြောင်း သိရှိရပါသည်။

စက်မှုထုတ်ကုန်များအနေဖြင့် ဒုတိယမြောက်လအဖြစ်တိုးတက်ခဲ့ကြောင်း၊ နှစ်အလိုက် တွင် (၁၂.၄%) အထိတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၆.၆) ဘီလီယံအထိတိုးတက် ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင်ရေနံနှင့် ဆက်စပ်သောထုတ်ကုန်ပစ္စည်းများ(+၆၁.၉%)၊ မော်တော်ကား ပစ္စည်းနှင့် အစိတ်အပိုင်းများ (+၁၃၆%)၊ ရာဘာထုတ်ကုန်များ (+၅၅.၅%)၊  ကွန်ပျူတာပစ္စည်းများ

နှင့်အစိတ်အပိုင်းများ (+၂၈.၇%)၊ လေအေးပေးစက်နှင့် အစိတ်အပိုင်းများ (+၇၂.၀%)၊ စက်ကိရိယာ

နှင့်အစိတ်အပိုင်းများ (+၂၉.၉%)၊ ရွှေမပါဝင်သောကျောက်မျက်နှင့်လက်ဝတ်ရတနာများ(+၁၀၇%)

နှင့်မော်တော်ဆိုင်ကယ်နှင့် အစိတ်အပိုင်းများ(+၁၆၅%)တို့ဖြစ်ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဂျူရင်က ပို့ကုန်အတား အဆီးများဖယ်ရှားရန်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများပြန်လည်ဖွင့်လှစ်ခြင်းကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိ က ကဏ္ဍတို့အနေဖြင့် ကုန်သွယ်ရေးပူးတွဲအကြံပေးကော်မတီမှတစ်ဆင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါပူးပေါင်းဆောင် ရွက်မှုကနယ်စပ်ကုန်သွယ်မှုပမာဏကို မြင့်တက်စေခဲ့ကြောင်းနှင့် အရေးကြီးကုန်သွယ်ဖက်နိုင်ငံ များဖြစ်သောတရုတ်နှင့် ဗီယက်နမ်နိုင်ငံများနှင့် နယ်စပ်ပို့ဆောင်မှုပြဿနာများကို ပြေလည် အောင်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် Youyiguan နှင့် Dongxing နယ်စပ်ကုန်သွယ်ရေး ဂိတ်များ၌ ဖြစ်ကြောင်းသိရှိရပါသည်။

ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင်ရွက်မှုက ပို့ကုန်တင်ပို့မှုအတွက် ပိုမိုကောင်းမွန် သောရလဒ်များကိုရရှိစေခဲ့ကြောင်း ဝန်ကြီးမစ္စတာဂျူရင်ကပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ ပို့ကုန်တင်ပို့မှု မြင့် တက်စေရန် ပိုမိုကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန၊ ကုန်သွယ်မှုစေ့စပ်ညိှနှိုင်းရေးဉီးစီးဌာနနှင့် နိုင်ငံခြားကုန်သွယ်မှုဌာနတို့အား ရုရှားနှင့်အရှေ့အလယ်ပိုင်းကဲ့သို့သော ဈေးကွက်သစ်များ ပိုမို ဖွင့်လှစ်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဝန်ကြီးဌာနအနေဖြင့် အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement Negotiations) စေ့စပ်ညိှနှိုင်းမှု များကိုလည်း အရှိန်မြှင့်တင် ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်မြို့

Loading