ပြည်ပသတင်းများ

အာဆီယံကော်မတီ (ဆိုးလ်)မှ LS Electric ၏ Smart Factory သို့ သွားရောက်လေ့လာခြင်း အစီအစဉ် အခမ်း အနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့၏သံအမတ်ကြီး တက်ရောက် ခဲ့

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ASEAN Committee in Seoul (ACS) ၏ အလှည့်ကျ ဥက္ကဌဖြစ်သော ထိုင်းသံရုံးနှင့် LS Group တို့၏ပူးပေါင်းစီစဉ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်အစီအစဉ်တစ်ရပ်အဖြစ် အာဆီယံကော်မတီ(ဆိုးလ်)မှ LS Electric ၏ Smart Factory သို့ သွားရောက်လေ့လာခြင်းအစီအစဉ်ကို (၂၅-၅-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်မှ (၁၃:၃၀) အချိန်အထိ Chungcheong ပြည်နယ်မြောက်ပိုင်း၊ Cheongju ဒေသရှိ LS  ၏ Smart Factory ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီး ဉီးသန့်စင်မှ ACS အဖွဲ့ဝင် အာဆီယံ သံအမတ် ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ “ASEAN Committee in Seoul (ACS) visit to LS” အစီ အစဉ်အား ဆိုးလ်မြို့၊ ယွန်ဆန်းရှိ LS ရုံးချုပ် အဆောက်အဉီ၌ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် ကျင်းပခဲ့ပြီးသည့်နောက် တစ်လအကြာတွင် ဤအစီအစဉ်အား LS Electric မှ ACS သို့ ထပ်မံဖိတ် ကြားစီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။

LS Electric ၏ Smart Factory လေ့လာခြင်းအခမ်းအနားသို့  ဆိုးလ်မြို့ရှိ ACS အဖွဲ့ဝင် သံရုံးများ၏ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများ၊ စီးပွားရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ခဲ့ပြီး၊ LS Group ဘက်မှ ဥက္ကဌ Mr. Koo Ja-Kyun (Mr. Christopher Koo) ဉီးဆောင်လျက် ကုမ္ပဏီ၏ အကြီးတန်းအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် LS Electric ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောခဲ့ကြပြီး၊ ACS အလှည့်ကျ ဥက္ကဌ ဆိုးလ်မြို့၊ ထိုင်းသံရုံး၏ သံအမတ်ကြီး H.E. Rommanee Kanarurak က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်  LS Electric ၏ Process Technology & Material  R & D Center အကြီးအကဲဖြစ်သူ Dr. Wook Dong Cho က LS စတင်တည်ထောင်ခဲ့မှုသမိုင်းနှင့်လုပ်ငန်း တိုးတက်မှုအခြေအနေများ၊ Smart Factory သို့အဆင့်မြင့်တင်ဆောင်ရွက်ခဲ့မှုများ၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ရရှိသည့်အကျိုး ကျေးဇူးများ၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ LS ၏စီးပွားရေးလုပ်ငန်း များဖြန့်ကျက်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို ရှင်း လင်းတင်ပြခဲ့ပါသည်။

ထို့နောက် ACS အဖွဲ့ဝင် သံရုံးများ၏ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများ၊ စီးပွားရေး ပိုင်းဆိုင်ရာတာဝန်ရှိသူများအား LS Smart Factory အတွင်းသို့ လေ့လာရေးဖိတ်ခေါ်၍ ထုတ်လုပ်မှု မှသည် ထုတ်ပိုးမှုအထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်သားအင်အားလျှော့ချလျက် ကွန်ပျူတာ Program များ၊ Robot Machine၊ Sensor နှင့် Automated Guided Vehicle (AGV) စသည့် အလိုအလျောက်စက်များကိုသာ အဓိကအသုံးပြုလျက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို LS ၏ဥက္ကဌ Mr. Christopher Koo ဉီးစီး၍ တာဝန်ရှိသူများက အသေးစိတ်လိုက်လံရှင်းလင်းပြသခဲ့ ပါသည်။ LS Electric မှ ACS အဖွဲ့ဝင်သံရုံးများ၏ သံအမတ်ကြီးများနှင့်အဖွဲ့တို့အား အလုပ်သဘော နေ့လည်စာဖြင့် တည်ခင်းဧည့်ခံလျက် ACS သံအမတ်ကြီးများက LS Smart Factory နှင့်ပတ်သက်၍ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် (၁၃:၃၀) အချိန်တွင် LS Smart Factory လေ့လာရေးအခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

LS Group သည် ၁၉၆၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် LG မှသီးခြားခွဲထွက်၍တည်ထောင်ခဲ့သော စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး၊ LS Cable & System၊ LS Electric၊ LS-Nikko copper၊ LS Mtron နှင့် yes’co လုပ်ငန်းတို့ကိုဆောင်ရွက်လျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံတွင် (၁၃)ခုမြောက်အကြီးဆုံး စက်မှုလုပ်ငန်းဆိုင်ရာ စီးပွား‌ရေးလုပ်ငန်းစု ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ ဝန်ထမ်းပေါင်း (၂၅၀၀၀)ခန့်၊ နိုင်ငံတကာတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ရုံးခွဲ (၁၃၂) ခုဖြင့် လည်ပတ်လျက်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်စာရင်းများအရ Assets အမေရိ ကန်ဒေါ်လာ(၂၈)ဘီလီယံ၊ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံရှိကြောင်း၊ Cable၊ လျှပ်စစ်ဓါတ်အား၊ လျှပ်စစ်ပစ္စည်းနှင့် အဆင့်မြင့်စွမ်းအင်သုံးမော်တော်ယာဉ်များ၊ လယ်ထွန်စက်နှင့် အဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းများ၊ အဆင့်မြင့်စက်မှုလုပ်ငန်းသုံး ရှားပါးသတ္တုများ၊ LPG/ LNG ဓါတ်ငွေ့လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

Cheongju ‌ဒေသရှိ LS Electric ၏ Low-Voltage Circuit Breaker များနှင့် Electric Switch များထုတ်လုပ်သည့်စက်ရုံအား Smart Factory အဖြစ်အဆင့်မြှင့်တင်ရန် ၂၀၁၁ ခုနှစ်မှ စတင်၍ ကိုရီးယားဝမ်(၂၀)ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊  တောင်ကိုရီးယားနိုင်ငံတွင် ထိပ်တန်း Smart Factory ဖြစ်ကြောင်း၊ ထိုသို့ တည်ထောင်ခဲ့ပြီးသည့်နောက် နည်းပညာများကို အသုံးပြု၍ ထုတ်လုပ်မှုကြာမြင့်ချိန်များကို လျှော့ချခြင်း၊ ကုန်စည်ပမာဏအမြောက်အများ ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့သဖြင့် ထုတ်လုပ်မှုသည်(၆၀)ရာခိုင်နှုန်းအထက်သို့ တိုးတက် လာခဲ့ကြောင်း၊ စွမ်းအင်သုံးစွဲရမှုကိုလည်း (၆၀) ရာခိုင်နှုန်းကျော် လျှော့ချနိုင်ခဲ့ကြောင်း၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှုန်းသည်လည်း 7 Parts Per Million (PPM) သို့ လျှော့ချနိုင်ခဲ့သဖြင့် Smart Factory တည်ထောင်ခြင်းအားဖြင့် ခဲတစ်လုံးနှင့်ငှက်သုံးကောင် ထိအောင်ပစ်နိုင်သကဲ့သို့ ကုမ္ပဏီ အတွက် ထိရောက်အကျိုးရှိလှကြောင်း၊ Program Marble Logic Controller (PLC) ကို ကွန်ပျူတာ နှင့်ချိတ်ဆက်လျက် Manufacturing Execution System (MES) အဖြစ်အသုံးပြု၍ စက်ရုံ၏ ပထမထပ် G Sector ၌ တစ်နှစ်လျှင် Low-Voltage Circuit Breaker (၂.၆) သန်းနှင့် စက်ရုံ၏ ဒုတိယထပ် G Sector ၌ တစ်နှစ်လျှင် Electric Switch (၁.၂) သန်း တို့ကို နှစ်စဉ်ထုတ်လုပ်နိုင် ကြောင်း လေ့လာသိရှိရပါသည်။

LS Electric အနေဖြင့် Cyber Physical System (CPS)၊ Internet of Things (IoT) စသည့် အဆင့်မြင့်နည်းပညာများကိုအသုံးပြု၍ ထုတ်လုပ်မှုများအား ဆန်းသစ်တီထွင်စွာ ကမ္ဘာ့ ထိပ်တန်းအဆင့်မီဖြစ်စေရေး၊ Renewable Energy ကိုအပြည့်အဝ အသုံးပြုအကောင်အထည်ဖော် နိုင်သည့်RE-100ရည်မှန်းချက်ကိုပြည့်မီရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံများတွင် Smart Factory နည်းပညာအား စနစ်တကျပြောင်းလဲအသုံးပြု၍ Smart Factory များကို ကျယ်ပြန့်စွာတည်ထောင်နိုင်ရေးကိုလည်း LS Electric အနေဖြင့် အထူးမျှော်လင့်ကြောင်း လေ့လာသိရှိရပါသည်။

အာဆီယံဒေသတွင် မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌ LS Electric ၏ လျှပ်စစ်နှင့် Cable ဆိုင်ရာစီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ (၁၀၀)သန်း ကို ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ထပ်မံရင်းနှီးမြှုပ်နှံသွားရန်လျာထား ကြောင်း၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏  New Southern Policy နှင့် New Southern Policy Plus တို့အရ အာဆီယံဒေသကို အထူးအလေးထားသည့်အားလျော်စွာ LS Electric အနေဖြင့်လည်း အာဆီယံဒေသတွင် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက် အပြန်အလှန် အကျိုးရှိစွာဖြင့် ရေရှည်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ထားပါကြောင်း လေ့လာသိရှိရပါသည်။

LS Electric ၏ Smart Factory သို့ အာဆီယံသံအမတ်ကြီးများ သွားရောက်လေ့လာခဲ့မှု သတင်းအား (၂၅-၅-၂၀၂၁) ရက်နေ့တွင် The Korea Times သတင်းစာ၏ Website www.koretimes.co.kr တွင်လည်းကောင်း၊ (၂၆-၅-၂၀၂၁) ရက်နေ့ထုတ် The Korea Times သတင်းစာတွင်လည်းကောင်း “LS Electric highlights smart factory technologies to ASEAN ambassadors” ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး

ဆိုးလ်မြို့

Loading