ပြည်ပသတင်းများ

ပဲမျိုးစုံအား ဈေးကစားခြင်းမပြုစေရေး အရေးကြီးကုန်စည် အက်ဥပဒေဖြင့်ကြပ်မတ်ရန် အိန္ဒိယဗဟိုအစိုးရက ပြည်နယ် များသို့ ညွှန်ကြားခြင်း

အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့်ပြည်သူ့ဖြန့်ဖြူးရေး ဝန်ကြီးဌာန ၁၇-၅-၂၀၂၁ နေ့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အစည်းအဝေးတွင် စားသုံးသူရေးရာ အတွင်းဝန် Ms. Leena Nandan သည် ပြည်နယ်/ ပြည်ထောင်စုနယ်မြေများရှိ စားနပ်ရိက္ခာထောက်ပံ့မှုနှင့် စားသုံးသူဆိုင်ရာ အတွင်းဝန်များနှင့် တွေ့ဆုံလျက် နိုင်ငံတစ်ဝန်း၌ ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက် အခြေအနေအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။

အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရာတွင် အဆိုပါအစည်း အဝေးသို့ တက်ရောက်လာကြသူများက ဈေးကွက်၌ သိုလှောင်လုပ်ကိုင်လျက်ရှိသူများ၏ ဈေး ကစားမှုများကြောင့် ပဲမျိုးစုံဈေးနှုန်းများ ရုတ်ချည်းမြင့်တက်ရခြင်းဖြစ်သည်ဟု သဘောထား မှတ်ချက်ပြုကြကြောင်း၊ သို့ဖြစ်၍ ပဲမျိုးစုံအား သိုလှောင်ဈေးကစားခြင်း မပြုစေရေး ၁၉၅၅ ခုနှစ် အရေးကြီး ကုန်စည်အက်ဥပဒေဖြင့် ကြပ်မတ်ရန်၊ ဈေးကွက်အတွင်း ပါဝင်လုပ်ကိုင်လျက်ရှိသည့် ပဲခွဲစက် များ၊ ကုန်သည်များနှင့် တင်သွင်းသူလုပ်ငန်းရှင်များမှ ၎င်းတို့လက်ဝယ်ရှိ ပဲမျိုးစုံကုန် လက်ကျန်စာရင်းကို ထုတ်‌ဖော်ပြောကြားစေပြီး တိုက်ဆိုင်စစ်ဆေးမှုပြုရန်၊ အပတ်စဉ် ပဲမျိုးစုံ ဈေးနှုန်းများကို စောင့်ကြည့်ကြပ်မတ်မှုပြုရန်နှင့် ကာလရှည်၌ တောင်သူလယ်သမားများ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လိုမှုကို တွန်းအားပေးဆွဲဆောင်နိုင်ရန်အတွက် အစိုးရ၏ ဝယ်ယူရေး လုပ်ငန်းစဉ်များအား အဆင်ပြေလွယ်ကူချောမွေ့အောင် ဆောင်ရွက်ရန် ပြည်နယ်များသို့ ညွှန် ကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယ ပဲဈေးကွက်ရှိ ကုန်သည်လုပ်ငန်းရှင်များကမူ အရေးကြီး ကုန်စည်အက် ဥပဒေ ဖြင့် ကြပ်မတ်လုပ်ဆောင်ရန်အတွက် အစိုးရ၏ အထောက်အပံ့ပြု အခြေခံရည်ညွှန်းဈေးနှုန်း (MSP)နှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံဈေးနှုန်းများမှာ များစွာမြင့်မားမှု မရှိသေးကြောင်း ပြောဆိုလျက် ရှိကြသည်။ အိန္ဒိယ ပဲခွဲစက်လုပ်ငန်းများအသင်း (AIDMA) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Suresh Agrawal က အစိုးရသည် ဈေးနှုန်းများ ၁၀% မှ ၁၅% အထိ မြင့်တက်လျက်ရှိသည့် ဆီထွက်သီးနှံများ အပေါ် အလေးပေးရမည့်အစား ၅% မျှသာ ဈေးနှုန်းမြင့်တက်မှုရှိသည့် ပဲမျိုးစုံဈေးကွက်အပေါ် အရေးယူ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်မှုမှာ ပဲခွဲစက်အငယ်များနှင့် ကုန်သည် လုပ်ငန်းငယ်များအပေါ် ထိခိုက်နိုင်ပြီး ဈေးကွက်အတွင်း စိုးရိမ်ထိတ်လန့်မှုကို ဖြစ် ပေါ်စေနိုင်ကြောင်း ပြောကြားပါသည်။

မဟာရဋ္ဌပြည်နယ် Latur မြို့မှ ပဲကုန်သည်တစ်ဦးဖြစ်သူ Mr. Nitin Kalantri ကလည်း ဈေးကွက်တွင် ပဲတီစိမ်းဈေးနှုန်းများမှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး‌ငွေ ၄၇၀၀ မှ ၄၈၅၀ အတွင်း MSP ဈေးနှုန်း၏အောက်၌ရှိကြောင်း၊ ပဲစင်းငုံသည်လည်း ၁ ကွင်တယ်လျှင် ရူပီး‌ ငွေ ၆၄၀၀-၆၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ချိန် ၁ ကွင်တယ်ပေါ်တွင်  ပဲတီစိမ်းဈေးနှုန်းမှာ ရူပီး ၄၀၀ မှ ၅၀၀ ခန့်နှင့် မတ်ပဲဈေးနှုန်းမှာ ရူပီး ၈၀၀ ခန့်အထိ လျော့ကျ နေခဲ့ချိန်တွင် အစိုးရအနေဖြင့် မည်သည့်ပြဿနာနှင့် ကြုံတွေ့နေရသည်ကို နားမလည်နိုင် အောင်ဖြစ်ရကြောင်း ပြောဆိုပါသည်။

အစိုးရက ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်မည့်အရေးကို စိုးရိမ်မှုများရှိနေသော်လည်း လက်တွေ့ မြေပြင်အခြေအနေ၌ ထိုသို့ ဈေးနှုန်းများ ရုတ်ချည်းမြင့်တက်ရန် မရှိကြောင်း၊ ကုန် အဝယ် ဒိုင်အများစုမှာ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး ဝယ်ယူရေးလုပ်‌ဆောင်မှုမှာ နည်းပါးနေပြီဖြစ် ကြောင်း၊ မဟာရဋ္ဌ၊ ဂူဂျရတ်၊ ရာဂျပ်စတန်နှင့် ကာနာတကာ ပြည်နယ်များ၌ အသွားအလာ တား မြစ်ကန့်သတ်မှုများကြောင့် ကုန်စည်ဒိုင်အချို့ မပိတ်သိမ်းပဲ ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ အစိုးရ ၏ သီးနှံဝယ်ယူရေးလုပ်ငန်းဖြစ်သော NAFED ကလည်း ပဲစင်းငုံ တန်ချိန် ၁၀ သိန်းခန့်မျှသာ ဝယ်ယူရန်ရှိသည်ဟု ပြောဆိုထားကြောင်း၊ အစိုးရသည် ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး သေချာအောင် ကြိုတင်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သို့ရာတွင် ဤသို့လုပ်ဆောင်မှုမှာ ဈေးကွက်အတွင်း ကုန်စည်ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှေ့လာမည့် လအနည်းငယ်အတွင်း ပဲဈေး နှုန်းများ ၁၀% မှ ၁၅% အထိ မြင့်တက်ဖွယ်ရှိသည်ဟု အချက်ပြသကဲ့သို့ ရှုမြင်ရကြောင်း စသည် ဖြင့် မွန်ဘိုင်းမြို့ရှိ Navi Mumbai APMC လယ်ယာထွက်ကုန်ဈေးကွက်ကော်မတီမှ ဒါရိုက်တာ Mr. Nilesh Vira က ပြောကြားပါသည်။

အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Jitu Bheda က ဈေးကွက်အတွင်း ပဲမျိုးစုံကုန်လက်ကျန် များစွာမရှိတော့သကဲ့သို့ ပြည်ပမှတင်သွင်းသည့် ပဲများအား သိုလှောင်ထားရှိမှုအပေါ် ပမာဏကန့်သတ်ခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း၊ အောက် တိုဘာ၊ နိုဝင်ဘာလများအထိ ပြည်ပမှ ပဲမျိုးစုံတင်သွင်းခွင့်ပြုထားပြီး ပြည်တွင်းမှ သီးနှံအသစ် များသည် ဇန်နဝါရီလ၌ ထွက်ပေါ်မည်ဖြစ်ရာ ယခုအရေးယူဆောင်ရွက်မှုမှာ ဈေးကွက်အပေါ် သက်ရောက်မှု ကြီးမားမည်ဟု ရှုမြင်ထားခြင်းမရှိကြောင်း ပြောဆိုပါသည်။

အစိုးရဌာနဆိုင်ရာ အရာရှိများ၏ ပြောကြားမှုအရ အစိုးရ၏ ပဲစင်းငုံဝယ်ယူရေး လုပ် ငန်းမှာ အပြီးသတ်သည့် အခြေအနေရှိပြီး တောင်သူများလက်ဝယ်တွင်လည်း လက်ကျန် များစွာ မရှိတော့ကြောင်း၊  မတ်ပဲဝယ်ယူမှုမှာမူ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း Financial Express သတင်း ဌာနမှ ဖော်ပြပါသည်။

Source: 1. Centre asks States/UTs to direct all the stockholders millers, traders, importers etc. to declare the stocks of pulses, 17-5-2021, Press Information Bureau of India

  1. Centre’s move directing stockholders to declare stocks of pulses catches industry on backfoot, 17-5-2021, Financial Express

နေအေးလွင်၊ စီးပွားရေးသံမှူး

နယူးဒေလီမြို့

Loading