ပြည်ပသတင်းများ

ဩစတြေးလျပို့ကုန်လုပ်ငန်းရှင်များကို ထောက်ပံ့မည့် ရန်ပုံငွေ တိုးမြှင့်

ဩစတြေးလျအစိုးရသည် ဩစတြေးလျ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာတွင် တိုးတက်ကြီးထွားလာနိုင်ရေးအတွက် အေဒေါ်လာ ၆၅.၅သန်းကို ထပ်မံ၍ ထောက်ပံ့လိုက် ကြောင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး၏ ၁၄-၅-၂၀၂၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဝန်ကြီးက ပို့ကုန်ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ အစီအစဉ် (Export Market Development Grants Program-EMDG) အတွက် ဘတ်ဂျက် ထပ်မံခွဲဝေပေးထားပြီးဖြစ်ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၄င်းတို့၏ ရောင်းဝယ်ဖောက်ကားမှု ကုန်ကျစရိတ် စုစုပေါင်း၏ ၅၀ %အထိ ထောက်ပံ့ ငွေလက်ခံရရှိမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

အစိုးရသည် ကိုဗစ်ကူးစက်ရောဂါနှင့်အတူ ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုမှ ပြန်လည်ထူထောင်နိုင်ရန်အပြင် ဩစတြေးလျ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာတွင် အောင်မြင်စွာ ထိုးဖောက်နိုင်ရေး၊ နိုင်ငံအတွင်း အလုပ်အကိုင်သစ်များဖန်တီးနိုင်ရေးနှင့် စီးပွား ရေးလုပ်ငန်းသစ်များ ပေါ်ထွန်းလာနိုင်ရေးတို့အတွက် ယင်းကဲ့သို့ အထောက်အပံ့များဆောင်ရွက် ပေးခြင်းဖြစ်ပါသည်။ အစီအစဉ်အရ ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့သူများအား ပထမ အကြိမ်ပေးချေမှုအနေဖြင့် အေဒေါ်လာ ၁၀၀,၀၀၀ အထိ မြှင့်တင်ထားရာ နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံး ပထမအကြိမ်ပေးချေမှုဖြစ်ပြီး၊ လွန်ခဲ့သည့် (၅) နှစ်အတွင်း အေဒေါ်လာ ၄၀,၀၀၀ မှာ အမြင့်ဆုံးပေးချေမှု ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အစိုးရသည် အေဒေါ်လာ ၁၉၂ သန်း  ကို ဩစတြေးလျ စီးပွား ရေးလုပ်ငန်းပေါင်း ၄,၀၀၀ ကျော်၏ ပို့ကုန်လုပ်ငန်းများအတွက် EMDG အစီအစဉ်မှ တစ်ဆင့် ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများတွင် လူဦးရေ ၇၀,၀၀၀ ကျော် ကဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး၊ လုပ်ငန်းများမှ ပို့ကုန်ဝင်ငွေ အေဒေါ်လာ ၄.၃ ဘီလီယံခန့် ရရှိကြောင်း သိရှိရပါသည်။

Source: Austrade

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Loading