ပြည်ပသတင်းများ

ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ကုန်သွယ်ရေးနှင့် စီးပွားရေးအခြေအနေ အစီရင်ခံစာ

ကုန်သွယ်ရေး

ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အကောက်ခွန် ဝန်ဆောင်မှုဌာန (The Korea Customs Service) တို့မှ (၃-၅-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သော ကုန်သွယ်မှုစာရင်းအရ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပို့ကုန် အမေရိကန်‌ဒေါ်လာ (၅၁.၂) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၅၀.၈) ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၀၂) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ ပြီးဖြစ်ပါသည်။ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၃၈၈) သန်းဖြစ်ပြီး၊ ယခင် နှစ်ကာလတူထက် ပို့ကုန်တွင် (၄၁.၁) ရာခိုင်နှုန်းနှင့် သွင်းကုန်တွင် (၃၃.၉) ရာခိုင်နှုန်း အသီးသီး တိုးတက်လာကြောင်း တွေ့ရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ ပို့ကုန် အမေရိကန်ဒေါ်လာ (၁၉၇.၆၇၄) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၈၆.၉၀၁) ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၃၈၄.၅၇၅) ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီး ယခင် နှစ် ကာလတူထက် ပို့ကုန်တွင် (၁၈.၈) ရာခိုင်နှုန်း၊ သွင်းကုန်တွင် (၁၇.၂) ရာခိုင်နှုန်း တိုးတက် ဆောင်ရွက်နိုင်ခဲ့ပါသည်။

နေ့စဉ်တင်ပို့နိုင်မှုနှုန်းအနေဖြင့် (၂၉.၄) ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး၊ (၇) လ ဆက်တိုက် ဆက်လက်တိုးတက်လျက်ရှိကာ ကိန်းဂဏန်း(၂) လုံးအထက် တိုးတက်ခြင်းအနေဖြင့် (၃) လ ဆက် တိုက်ဆက်လက်နေရာယူလျက် ရှိပါသည်။ ထို့ပြင် အဓိကပို့ကုန်(၁၅)မျိုးလုံးသည် တိုးတက်တင် ပို့နိုင်ခဲ့ပြီး၊ အဓိက ကုန်သွယ်ဖက်နိုင်ငံ (၉) ခုတို့သို့ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်အနေဖြင့် Semiconductor များ၊ ရုပ်မြင် Display များ၊ အထွေထွေစက်ပစ္စည်များ၊ ရေနံဓါတုထုတ်ကုန်များ၊ မော်တော်ယာဉ်များ၊ သံမဏိ steel ကုန်စည် များ၊  ရေနံထွက်ကုန်များ၊ သင်္ဘောများ၊  မော်တော်ယာဉ်အစိတ်အပိုင်းများ၊  ဇီဝကျန်းမာရေး ကုန်စည်များ၊  ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ၊  ကွန်ပျူတာများ၊ လယ်ယာထွက်ကုန်နှင့် ရေထွက် ကုန်စည်များ၊  သန့်စင်ပြီးဓါတုကုန်စည်များ၊ အလှကုန်များ၊ ဘက်ထရီအပိုပစ္စည်များ၊  အိမ်သုံးကုန် ပစ္စည်းများနှင့် စက်ရုပ်များတို့ တိုးတက်တင်ပို့နိုင်ခဲ့ပါသည်။

Semiconductor/ Chip များတင်ပို့မှုသည် (၁၀) လကြာမြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အမေရိကန် ဒေါ်လာ (၉.၃) ဘီလီယံ (၃၀.၂) ရာခိုင်နှုန်း ရရှိခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအား ပြတ်လပ်မှုကြောင့် Data စင်တာများတွင် Memory Chips များပိုမိုလိုအပ်ခြင်းနှင့် Memory Chip စျေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် တိုးတက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ မော်တော်ယာဉ်တင်ပို့နိုင်မှု အနေဖြင့် အမေရိကန်ဒေါ်လာ (၄.၂) ဘီလီယံ ရရှိခဲ့ပြီး၊ (၇၃.၄) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အားကစား အသုံးအဆောင်မော်တော်ယာဉ်များ Sport Utility Vehicles (SUVs) နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် Eco-friendly Vehicle မော်တော်ယာဉ် များအတွက် ထောက်ပံ့ရေးကွင်းဆက်အန္တရာယ် များ (Supply Chain Risks) ရှိသည့်တိုင် အမေရိ ကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ ကဲ့သို့သော အဓိက ဒေသများသို့ တင်ပို့မှုကိန်းဂဏန်း နှစ်ဆတိုး တက်လာခဲ့ပါသည်။ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများ တင်ပို့မှုသည် (၇၉.၇) ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဒေသအလိုက်တင်ပို့နိုင်မှုအနေဖြင့် ကုန်သွယ်ဖက်ဒေသအားလုံး သို့ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ အဓိကအားဖြင့် Chip များ၊ ရေနံဓာတုပစ္စည်းများနှင့် အထွေထွေ စက်ပစ္စည်းများရောင်းအားပိုမို အားကောင်းလာခြင်းကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိ ကန် ဒေါ်လာ (၁၃.၄) ဘီလီယံ၊ (၃၁.၇) ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ အမေရိကန်ပြည် ထောင်စုသို့ မော်တော်ကားများ၊ အိမ်သုံးပစ္စည်းများနှင့်အထွေထွေစက်ယန္တရားများ အဓိကတင်ပို့နိုင် ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ (၇.၅) ဘီလီယံ၊ (၄၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ဥရောပ သမဂ္ဂနိုင်ငံများသို့ သင်္ဘောများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများနှင့်ရေနံဓာတုပစ္စည်းများ အဓိက တင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅.၂) ဘီလီယံဖြင့် (၄၃)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၏အခြေခံအတိုးနှုန်း (The Base Rate)

ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံ၏အခြေခံအတိုးနှုန်း(The Base Rate)ကို မပြောင်းလဲဘဲ (၀.၅) ရာခိုင်နှုန်းတွင်သာ ဆက်လက်ထားရှိရန် (၁၅-၄-၂၀၂၁) ရက်နေ့တွင် တောင်ကိုရီးယားဗဟိုဘဏ်ငွေကြေးမူဝါဒဘုတ်အဖွဲ့ (Bank of Korea- Monetary Policy Board)က ဆုံးဖြတ်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်း လျာထားချက်အား တိုးမြှင့်ပြင်ဆင်ခြင်း

ကိုရီးယားသမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုခိုင်မာခြင်း၊ ပို့ကုန်တိုးတက်တင်ပို့နိုင်ခြင်းနှင့် ပုဂ္ဂလိက စားသုံးမှုနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်၏ စီးပွားရေး တိုးတက်မှုနှုန်း GDP သည် (၁.၆) ရာခိုင်နှုန်းတိုးတက်လာပြီး၊ ဗဟိုဘဏ် (Bank of Korea)၏ မူလခန့်မှန်းချက်ထက် ပိုမိုတိုးတက်လာခဲ့ကြောင်း တောင်ကိုရီးယား စီးပွားရေးနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန (Ministry of Economy & Finance-MOEF) ၏ (၂၇-၄-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန် သောစာရင်းများအရသိရှိရပါသည်။ သို့ဖြစ်၍ သုံးလပတ် GDP တိုးတက်မှုနှုန်းပေါ်မူတည်၍ ကိုရီးယားသမ္မတနိုင်ငံ၏  ၂၀၂၁ ခုနှစ် GDP သည် မူလ ခန့်မှန်းချက် (၃.၂) ရာခိုင်နှုန်းထက် ကျော်လွန်ကာ (၃.၆) ရာခိုင်နှုန်းမှ (၃.၈) ရာခိုင်နှုန်းအထိ တိုးတက်နိုင်ကြောင်း MOEF က ခန့်မှန်း ထားပါသည်။

Consumer Price တိုးမြင့်လာမှု

Statistic Korea ၏သတင်းအချက်အလက်များအရ ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း စားသုံးသူစျေးနှုန်း (Consumer Price) သည် (၂.၃) ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး၊ လေးနှစ်တာအတွင်း အမြင့်ဆုံးနှုန်းဖြင့် တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ အနီးစပ်ဆုံးကာလ ၂၀၂၁ ခုနှစ်၊ မတ်လက (၁.၅) ရာခိုင်နှုန်းတိုးတက်ခဲ့သည်ထက်ပင် ပိုမိုခဲ့ကြောင်း၊ စားသုံးသူများ၏သုံးစွဲမှု ပိုမိုများ ပြားလာသည့်အလျောက် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည်ပုံမှန်လမ်းကြောင်းပေါ်သို့ ရောက်ရှိလာသည့် အနေအထားဟုယူဆနိုင်သည့်နည်းတူ တစ်ဖက်တွင်လည်း ငွေကြေးဖောင်းပွမှု ဖိအားဒဏ်ကိုခံရနိုင်သည့် အနေအထားပင် ဖြစ်ပါသည်။

အဓိကအကြောင်းအရင်းမှာ စိုက်ပျိုးရေးထွက်ကုန်ရှားပါးလာခြင်း၊ ကြက်/ ငှက်တုပ်ကွေး ဖြစ်ပွားခြင်းကြောင့် ကြက်ဥ၊ ကြက်သား စသည့် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်မား နေခြင်း၊ ရေနံစျေးနှုန်းမြင့်လာသည်နှင့်အမျှ ရေနံထွက်ကုန်စည်များ၏စျေးနှုန်းလည်း မြင့်တက်လာ ခြင်းတို့ကြောင့်ဖြစ်ပါသည်။ COVID-19 ကူးစက်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့်  ၂၀၂၀ ပြည့်နှစ် တွင် ငွေကြေးဖောင်းပွမှု နည်းခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ ဒုတိယသုံးလပတ်တွင်လည်း စားသုံးသူစျေးနှုန်းသည် ယာယီ ဆက်လက် မြင့်တက်နိုင်ဖွယ်ရာရှိပါသည်။  တောင်ကိုရီးယားဗဟိုဘဏ် (Bank of Korea – BOK) မှ ၂၀၂၁ ခုနှစ် အတွက် ငွေကြေးဖောင်းပွမှုအလားအလာကို ယခင်ခန့်မှန်းထားသည့် (၁) ရာခိုင်နှုန်းမှ (၁.၃) ရာခိုင် နှုန်းသို့ ပြောင်းလဲခန့်မှန်းထားပြီး အမြင့်ဆုံး (၂) ရာခိုင်နှုန်းထက် မကျော်လွန်နိုင်ကြောင်း၊ ထို့ပြင် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Lee Eog-weon ၏အဆိုအရ ၂၀၂၁ ခုနှစ်၊ တတိယ သုံးလပတ်ကာလတွင် စားသုံးသူစျေးနှုန်းများ ပြန်လည်တည်ငြိမ်နိုင်ကြောင်း သိရှိရပါသည်။

ဆိုးလ်မြို့တော်ဝန်အသစ်ရွေးကောက်တင်မြှောက်ခြင်းနှင့် အိမ်၊ ခြံ၊ မြေ ရေးရာအလားအလာ

(၇-၄-၂၀၂၁) ရက်နေ့တွင် ကျင်းပခဲ့သောရွေးကောက်ပွဲ၌ ဆိုးလ်မြို့တော်ဝန်အဖြစ် အနိုင်ရရှိခဲ့သည့် People Power ပါတီမှ Mr. Oh Se-hoon သည် ၄င်း၏မဲဆွယ်ကာလအတွင်းနှင့် ဆိုးလ် မြို့တော်ဝန်အဖြစ်စတင်တာဝန်ယူစဉ် ပြည်သူများသို့ ကျမ်းသစ္စာပြုပြောကြားသည့် မိန့်ခွန်း တွင် အိမ်ရာပိုင်ဆိုင်မှုများသူများကို အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် ဆိုးလ်မြို့ရှိ တိုက်ခန်းအိမ်ရာ များ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အစိုးရ၏တင်းကျပ်သောစည်းကမ်းများကို ပုဂ္ဂလိကကဏ္ဍ နှင့် ပူးပေါင်းဆောင်ရွက်၍ ဖြေလျှော့ပေးမည်ဟု ကတိပေးခဲ့ပါသည်။ ထို့နောက် ဘဏ္ဍာရေးဝန်ကြီး Hong Nam-ki က အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းများသည် ဗဟိုအစိုးရ၏ ပံ့ပိုးမှုမပါရှိဘဲ အောင်မြင်နိုင်ခြင်းမရှိနိုင်ကြောင်းနှင့် အိမ်၊ ခြံ၊ မြေစျေးကွက်စျေးနှုန်းများနှင့် ပတ်သက်၍ မူဝါဒ များကို ဂရုပြုနိုင်ရန် Mr. Oh Se-hoon အား(၈-၄-၂၀၂၁) ရက်နေ့တွင် ဆိုးလ်မြို့၊ Government Complex ၌ကျင်းပပြုလုပ်ခဲ့သော အိမ်၊ ခြံ၊ မြေ စျေးကွက်အခြေအနေကြီးကြပ်ရေးဆိုင်ရာ အစည်း အဝေး၌ သတိပေး ပြောကြားခဲ့ပါသည်။

အစိုးရပိုင်းမှ အိမ်၊ ခြံ၊ မြေ စျေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက် ရှိသော်လည်း ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အိမ်၊ ခြံ၊ မြေ စျေးနှုန်းသည် ၂၀၂၀ ခုနှစ်ကထက် (၁.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ (၁၂) လကြာ ဆက်တိုက်မြင့်တက် နေခဲ့ခြင်းဖြစ်ပါသည်။ အိမ်၊ ခြံ၊ မြေ စျေးနှုန်းကြီးမြင့်ခြင်းသည် အခြေခံနေ့စဉ် လူနေထိုင်မှုဘဝကို ရိုက်ခတ်လျက်ရှိပြီး၊ ထိုကဲ့သို့ စရိတ်စကများ အလွန် ကြီးမြင့်ခြင်းကြောင့် လူငယ်များလက်မထပ်ကြခြင်း၊ မွေးဖွားနှုန်းကျဆင်း ခြင်းမှသည်လူဉီးရေကျဆင်းခြင်း အထိ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ အကျိုးသက်ရောက်မှု များရှိနေသဖြင့် ဆိုးလ်မြို့၏ အိမ်၊ ခြံ၊ မြေ စျေးကွက်တည်ငြိမ်ရေးသည် ကိုရီးယားသမ္မတနိုင်ငံ အတွက် အလွန်အရေးကြီးလျက်ရှိပါသည်။

တောင်ကိုရီးယား၌ Cryptocurrency အရောင်းအဝယ်များပေါ်တွင် မှတ်တမ်းထားရှိ၍ ၂၀၂၂ ခုနှစ်မှစ၍ ဝင်ငွေခွန် စည်းကြပ်သွားမည့်အခြေအနေ

တောင်ကိုရီးယားဘဏ္ဍာရေးအာဏာပိုင်များသည် ၂၀၂၂ ခုနှစ်မှစ၍ Bitcoin ကဲ့သို့ Crypto-currency အရောင်းအဝယ်များပေါ်တွင် မှတ်တမ်းထားရှိ၍ ဝင်ငွေခွန်(၂၀)ရာခိုင်နှုန်းကို စည်းကြပ်သွားရန် အဆိုပြုထားကြောင်း၊  သို့ဖြစ်၍ Cryptocurrency လဲလှယ်ရေးဆောင်ရွက်သူ များသည် အခွန်အာဏာပိုင်များထံ Cryptocurrency ကုန်သွယ်မှု၏မှတ်တမ်းများကိုတင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါဒစ်ဂျစ်တယ် ငွေကြေးရင်းနှီးမြှုပ်နှံသူများသည် အဆိုပြု ထားသော အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ အခက်အခဲရှိနေကြကြောင်း လေ့လာသိရှိရပါသည်။ မကြာသေးမီက Bitcoin စျေးနှုန်းများ မြင့်တက်ခဲ့မှုသည် ပုံမှန်မဟုတ်ဘဲ အဘယ်ကြောင့်စံချိန် တင်မြင့်တက်မှု ဆက်လက်ဖြစ်ပွားခဲ့သည်ကို နားလည်ရန်ခက်ခဲကြောင်း၊ Bitcoin သည် တောင် ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဧပြီလအလယ်တွင် ပထမဆုံးအကြိမ် အဖြစ် တစ်ယူနစ်လျှင် ကိုရီး ယားဝမ် (၈၀) သန်း (အမေရိကန်ဒေါ်လာ ၇၂၀၀၀) ရရှိခဲ့ကြောင်း လေ့လာ သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၌ ဝင်ငွေနည်းပါးသူများနှင့် Non-prime borrowers အဖြစ် သတ် မှတ်ထားသူများကို ဘဏ်များမှအလယ်အလတ် ချေးငွေများထုတ်ချေးပေးနိုင်ရေး အစီအစဉ်များကို အားပေး သည့်အဆိုပြုအစီအစဉ်တစ်ရပ်အရ  Credit Rating အဆင့်အလယ်အလတ်ရှိ ပြည်သူ (၂) သန်းခန့်သည် ၂၀၂၁ ခုနှစ်အတွင်း ချေးငွေ စုစုပေါင်း ကိုရီးယားဝမ် (၃၂) ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၈.၆ ဘီလီယံ) ကို အတိုးနှုန်း (၁၀) ရာခိုင်နှုန်းဖြင့်ရရှိနိုင်မည်ဖြစ်ကာ (၃) နှစ်တာအတွင်း အနိမ့်ဆုံးနှုန်းဖြစ်ကြောင်း ဘဏ္ဍာ ရေးဝန်ဆောင်မှုကော်မရှင် (Financial Services Commission-FSC) ထံမှ သိရှိရပါသည်။

စက်မှုကဏ္ဍ

တောင်ကိုရီးယားအစိုးရသည် “Enforcement Decree of the Act on Promotion of Development and Distribution of Environment-friendly Motor Vehicles” သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသောမော်တော်ယာဉ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်ဖြန့်ဖြူးမှု မြှင့်တင် ရေးအက်ဥပဒေသက်ရောက်ခြင်းဆိုင်ရာ အမိန့်အားပြင်ဆင်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုခဲ့သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန် ကြီးဌာနက (၃၀-၄-၂၀၂၁) ရက်နေ့တွင် ထုတ် ပြန်ကြေညာခဲ့ပါသည်။

ပြန်လည်ပြင်ဆင်ချက်များအရ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများသည် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုမရှိသော ယာဉ်များကိုသာ ဝယ်ယူရန်လိုအပ်ကြောင်း (လက်ရှိလိုအပ်ချက်အရ ၇၀ ရာခိုင်နှုန်း)၊ လျှပ်စစ်မော်တော်ယာဉ်များ electric vehicles (EVs) ကို သတ်မှတ်အားသွင်းရမည့် နေရာများတွင် (၁၄) နာရီအထက် သတ်မှတ်ချိန်ပြည့်မီစွာ အားသွင်းထားရမည်ဖြစ်ကြောင်း၊  ထို့သို့ ဆောင်ရွက်ခြင်းဖြင့်  အခြားသော မသက်ဆိုင်သည့် ယာဉ်မောင်းများမှ ၎င်းတို့၏ EV များကို ဝင် ရောက်အားသွင်းခြင်းမှတားဆီးနိုင် မည်ဖြစ်ပြီး၊ လိုက်နာရန်ပျက်ကွက်ပါက ဒဏ်ငွေပေးဆောင်ရ မည်ဖြစ်ကြောင်းသိရှိရပါသည်။  ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဤဥပဒေ ပြင်ဆင်ခြင်းနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ပံ့ပိုးသည့် Green Cars လူမှုရပ်ဝန်းစနစ်တစ်ရပ် (Green Cars Friendly Social System) ကို ထူထောင် နိုင်ရေးအတွက် လိုအပ်သည့်အစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စွမ်းအင်ကဏ္ဍ

ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး Carbon Neutrality ကို အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အနာဂတ်မော်တော်ယာဉ်များတွင် ကာဗွန်ထုတ်လုပ်မှု လျော့ကျစေရေးနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်မူဝါဒများကို ချမှတ်သွားမည်ဖြစ်ကြောင်း “မော်တော်ကားကုမ္ပဏီများမှ ကာဗွန်ကြား နေရေးနှင့် ပတ်သက်သော ကော်မတီ တစ်ရပ်တည်ထောင်ခြင်းအခမ်းအနား” တွင် ဝန်ကြီး Sung Yun-mo ၏ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီး Sung Yun-mo သည်(၂-၄-၂၀၂၁) ရက်နေ့တွင် ဇီဝစက်မှုလုပ်ငန်းများတိုးမြှင့်နိုင်ရန်အတွက် ဇီဝနှင့်ရေနံဓာတုဗေဒကုမ္ပဏီများအကြား ဆက်သွယ်မှု ကိုမြှင့်တင်မည့် ‘White Bio’ စက်မှုဇုန်ကော်မတီဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ စွန့်ပစ်ပလတ်စတစ်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန် ကူညီခြင်းဖြင့် ယင်းကော်မတီ သည်နိုင်ငံ၏ ၂၀၅၀ ကာဗွန် ကြားနေရေးရည်မှန်းချက်ဆီသို့ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင် မည်ဟု ဝန်ကြီးဌာနမှ မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ထို့ပြင် ဝန်ကြီး Sung Yun-mo သည် (၆-၄-၂၀၂၁) ရက်နေ့တွင် ဆိုးလ်မြို့၌ ကျင်းပ ခဲ့သော ဒေသဆိုင်ရာစွမ်းအင်ကုမ္ပဏီများမှ ကာဗွန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းရန် ကြိုးပမ်းအားထုတ်မှု စွမ်းအင်မဟာမိတ်အဖွဲ့ (Energy Alliance) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ ဝန်ကြီးက  စွမ်းအင်ကဏ္ဍအားလုံးအတွက် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုလို အပ်မှုကို အလေးပေးပြောကြားခဲ့ပြီး၊ စွမ်းအင်မဟာမိတ်အဖွဲ့အနေဖြင့် အစိုးရ၏ကာဗွန်ထုတ်လွှတ် မှုများကိုလျှော့ချရေးနှင့် တီထွင်စွမ်းသစ်သည့် စွမ်းအင်စနစ်များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်ထိရောက်၍ စျေးကွက်နှင့်ကိုက်ညီ သောမူဝါဒများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖော်ထုတ်နိုင်ရေး ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီး Sung Yun-mo သည်ဆိုးလ်မြို့ရှိရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ မူဘောင်ဆိုင်ရာ ကွန်ဗင်းရှင်းပါတီများညီလာခံ (COP26) ၏ဥက္ကဌ Alok Sharma နှင့်တွေ့ဆုံခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို တားဆီးနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် တောင်ကိုရီးယားဒေသခံ စက်မှုလုပ်ငန်းများအနေဖြင့် ကာဗွန်ကြားနေရေးဝါဒနှင့် Reneawable Energy အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၏ အစီ အစဉ်များနှင့်အတူ ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ပြီး COP26 အစည်းအဝေးသည် Low-carbon technology, Carbon capture, Utilization and storage (CCUS) နှင့် Energy Efficiency စသည့်ကဏ္ဍများစွာတို့တွင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုစနစ်တစ်ခုတည်ထောင်ရန် အခွင့် အလမ်းတစ်ခုဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီး Sung Yun-mo ကဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ကြီး Sung Yun-mo သည် အမေ ရိကန် ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး Jennifer Granholm နှင့် Video Conferencing ဖြင့် (၁၂-၄-၂၀၂၁) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော ကာဗွန်ထုတ် လွှတ်မှုလျှော့ချသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍတို့တွင် အမေရိ ကန် – ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကိုအားဖြည့်ရန် သဘောတူညီခဲ့ကြပါသည်။ ပုဂ္ဂလိကအဆင့်တွင် အမေရိကန် – ကိုရီးယားနှစ်နိုင်ငံဆက်သွယ်ရေးကို ချဲ့ထွင်ရန်နှင့် မျိုးဆက်သစ် အလယ်တန်းဘက်ထရီများ၊ ဟိုက်ဒရိုဂျင်စွမ်းအင်၊ ကာဗွန်ဖမ်းယူခြင်း၊ သိုလှောင်ခြင်းနှင့် စွမ်းအင်ထိ ရောက်စွာတိုးတက်ခြင်းစသည့် သန့်စင်သော စွမ်းအင်ကဏ္ဍ (Clean Energy) ဆိုင်ရာ သုတေသန နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် အရေးကြီးသည်ဟု ဆွေးနွေးခဲ့ကြကြောင်း လေ့လာ သိရှိရပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် အလုပ်သမားဆိုင်ရာကဏ္ဍ

တောင်ကိုရီးယားလယ်ယာမြေပိုင်ရှင်များသည် COVID-19 ကူးစက်ရောဂါ၏ရိုက်ခတ်မှု ကြောင့် အလုပ်သမားရှားပါးမှုနှင့် ကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် နိုင်ငံခြားအလုပ် သမားများ ကိုလုံလောက်စွာ မငှားရမ်းနိုင်သည့် အခြေအနေများကို ရင်ဆိုင်ရုန်းကန်ရလျက် ရှိကြောင်း၊ Coronavirus မဖြစ်ပွားမီက တောင်သူအများအပြားသည် အဓိကအားဖြင့် အရှေ့တောင် အာရှနိုင်ငံများမှ ရာသီအလိုက် လာရောက်လုပ်ကိုင်ကြသောလုပ်သားများကို အားကိုးခဲ့ကြပါသည်။ C-4 အမျိုးအစားဗီဇာဖြင့် ကိုရီးယား သမ္မတနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ် သမားများကို အလုပ်များသည့်ရာသီများတွင် လိုအပ်ချက်အရ လယ်ယာမြေများတွင်အလုပ်လုပ်ရန် ရက်ပေါင်း (၉၀) အထိ ခွင့်ပြုထားကြောင်း၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာန (Ministry of Agriculture, Food & Rural Affairs) ၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်၊ ဧပြီလမှဇွန်လအထိ ကျေးလက်ဒေသများတွင် လုပ်သား လိုအပ်ချက်သည် တစ်နှစ်လုံး လုပ်သား လိုအပ်ချက်၏(၄၀)ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် အသက်အရွယ်ကြီးရင့်သူ လူဉီးရေများပြားလာမှုအရ အလုပ် သမား ရှားပါးလာသည့်ကျေးလက်ဒေသများတွင်  ရွှေ့ပြောင်းအလုပ်သမားများသည် အထူးသဖြင့် စိုက်ပျိုးရေး ကဏ္ဍအတွက် များစွာအထောက်အကူပြုကြောင်း၊ နိုင်ငံခြားသားအလုပ်သမား တစ်ဦး ၏ပျမ်းမျှလစာမှာ ပုံမှန်ကိုရီးယားလူမျိုးအလုပ်သမားတစ်ဉီး လစာ၏ (၈၀) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ လက်ရှိတွင် ရာသီချိန် ရွှေ့ပြောင်းလုပ်သား (၄၄၀၆) ဉီးခန့် ခေါ်ယူခွင့်ပြုရန် တောင်းဆိုစာများကို တောင်ကိုရီးယား ပြည်နယ် အစိုးရ (၃၇) ခု ထံမှလက်ခံရရှိထားကြောင်း တောင်ကိုရီးယား တရားရေးဝန်ကြီးဌာန (Ministry of Justics) ထံမှ သိရှိရပါသည်။

သို့ရာတွင် COVID-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်း များ ယာယီရပ်ဆိုင်း၍ ခရီးသွားလာမှုကန့်သတ်ချက်များအရ ၂၀၂၀ ခုနှစ်ကတည်းက အလုပ်သမား အဝင်မှာ မရှိသလောက်နည်းပါးနေကြောင်း၊ ဝင်ရောက်ခွင့်ရရှိခဲ့လျှင်လည်း အလုပ်ရှင် လယ်သမား များအနေဖြင့် လုပ်သားအတွက် (၁၄) ရက်တာ စရိတ် ပျှမ်းမျှ ကိုရီးယားဝမ် (၁.၄)သန်း (အမေရိကန် ဒေါ်လာ ၁၂၆၀) ကို ကျခံပေးရမည်ဖြစ်ပါသည်။

လက်ရှိတွင် လုပ်သားမလုံလောက်မှုသည် တောင်ကိုရီးယားနိုင်ငံ၌ နာတာရှည်ရောဂါ သဖွယ်ဖြစ်နေပြီး၊ ကာလရှည်ကြာနေသည့် COVID-19  ဆိုင်ရာ ခရီးသွားလာမှုကန့်သတ်ချက်များက အခြေအနေကို ပိုမိုဆိုးရွားစေရာ တိုးတက်ကောင်းမွန်သည့်အခြေအနေသို့ မကြာမီရောက်ရှိစေရန် မျှော်လင့်နေကြကြောင်း၊ အလုပ်သမားပြတ်လပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန် အလုပ်သမား ဝန်ကြီး ဌာနနှင့် တရားရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးလျက် တောင်ကိုရီးယားပြည်တွင်း၌ရှိနေသော သက်တမ်းကုန်ဆုံးနေပြီး နေရပ်သို့ပြန်ရန်အခက်အခဲရှိနေသော ရွှေ့ပြောင်းလုပ်သားများကို သက် တမ်းတိုးပေးခြင်းဖြင့် ဖြေရှင်းရန်စီစဉ်ထားကြောင်း၊ ဒေသန္တရအစိုးရများသည် အလုပ်သမားလိုအပ် နေသည့် လယ်သမားအလုပ်ရှင်များကို ကူညီနိုင်ရန် နည်းလမ်းမျိုးစုံဆောင်ရွက်ခဲ့ကြောင်း၊ Gyeongsang ပြည်နယ် မြောက်ပိုင်း Andong မြို့တွင် လယ်သမားများနှင့် အလုပ်ရှာသူ များချိတ်ဆက်နိုင်ရန် လုပ်သားအရင်းအမြစ်ဝန်ဆောင်မှုဗဟိုဌာန (၃) ခုကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်အကုန်တွင် အဆိုပါ လယ်ယာမြေများ၌ အလုပ်သမား (၈၀၀၀)ခန့် လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း လေ့လာသိရှိရပါသည်။

Chungcheong ပြည်နယ်မြောက်ပိုင်းရုံးသည် တက္ကသိုလ်များနှင့် ပူးပေါင်းရန်ဆုံး ဖြတ်ခဲ့ပြီး၊ ကျေးလက်လှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်သော ကောလိပ်ကျောင်းသားများသည်  ၄င်းတို့ ၏ အားလပ်ရက် ကာလအတွင်း လယ်ယာများတွင်ကူညီခြင်းဖြင့် (2) Credits  ရရှိမည့်အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Social Distancing ဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများရှိသဖြင့် ပါဝင်ရေးကို တွန့်ဆုတ်နေသောကြောင့် ဤအစီအစဉ် သည် ၂၀၂၁ ခုနှစ်၏ စိုက်ပျိုးရေး ကဏ္ဍလုပ်သားလိုအပ်ချက်ကို မည်ကဲ့သို့အထောက်အကပြု နိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ယဉ်ကျေးမှု၊ ဖျော်ဖြေရေးနှင့်ခရီးသွားကဏ္ဍ

“International Sightseeing Flight” အစီအစဉ်များ တိုးချဲ့ဆောင်ရွက်နေသည့်အခြေအနေ

အပြည်ပြည်ဆိုင်ရာရှုခင်းကြည့် လေကြောင်းပျံသန်းရေးအစီအစဉ်များ “International Sight -seeing Flight” များကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှသာမက Daegu Gimpo၊ Gimhae လေဆိပ်တို့မှ ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ပျံသန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။ ခရီးသည်များအား လေယာဉ် ဆင်းသက်ခြင်းမရှိဘဲ အခြားနိုင်ငံများသို့ ရှုခင်းကြည့်ရန် ပို့ဆောင်သည့် အထူးလေယာဉ်ခရီးစဉ်သည် (၁-၅-၂၀၂၁) ရက်နေ့မှစ၍ Gimpo၊ Gimhae နှင့် Daegu အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှထွက်ခွာမည်ဟု Korea Airports Corp. (KAC) မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကာလရှည်ကြာလာသည့် COVID-19 ကူးစက်ရောဂါရိုက်ခတ်မှုအကြား ခရီးသွားဝယ် လို အားတိုးမြင့်လာစေရန်၊ Duty-free Shop လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ပြည်တွင်း လေဆိပ်များသို့ အထူးပျံသန်းမှုကိုတိုးချဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤလေယာဉ်များကို အသုံးပြုသော ခရီးသည်များသည် ပုံမှန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများကို အသုံးပြုသော အခြားခရီးသည်များနည်းတူ အကောက်ခွန်သက်သာခွင့်များကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် (၁) နှစ်ကျော်ကြာ ရပ်တန့်ခဲ့ရသော Gimpo အပြည်ပြည် ဆိုင်ရာလေဆိပ်၏ လုပ်ငန်းလည်ပတ်မှုသည် ဤအထူးလေယာဉ်ပျံသန်းမှုဖြင့် ပြန်လည်စတင်မည် ဖြစ်ပြီး၊ ခရီးသည်များ ပိုမိုအဆင်ပြေစေရန် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

KAC သည် Korean Air၊ Air Busan၊ Air Seoul၊ Jeju Air၊ Jin Air နှင့် T’way Air တို့နှင့်အတူ ပူးပေါင်း၍ “International Sighseeing Flight”  အစီအစဉ် အရောင်းမြှင့်တင်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ခရီးသည်များကို တောင်ကိုရီးယားအစိုးရ၏ Social Distancing စည်းမျဉ်းစည်းကမ်းများနှင့်  ရောဂါနှိမ်နင်းရေးအစီအမံများကို လိုက်နာခြင်းအားဖြင့် အန္တရာယ် ကင်းစွာ ခရီးသွားလာနိုင်ရေးကို KAC မှအစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း KAC ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Son Chang-wan က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Oscar ရုပ်ရှင်ထူးချွန်ဆု(ဇာတ်ပို့ဆု)ဆွတ်ခူးနိုင်ခဲ့သည့် Minari ရုပ်ရှင်သည် တောင်ကိုရီးယား၌ ကြည့်ရှုသူ (၁)သန်းကျော် စံချိန်တင်ခဲ့

အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်သည့် ကိုရီးယား-အမေရိကန်မိသားစု၏ ဘဝ ဇာတ်ကြောင်းကို ကိုရီးယား-အမေရိကန် စာရေးဆရာဒါရိုက်တာ Lee Isaac Chung မှ ပုံဖော် ရိုက်ကူး ထားသည့်  “Minari” ရုပ်ရှင်တွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သော ဝါရင့်မင်းသမီး ကြီး Youn Yuh-jung သည် (၂၆-၄-၂၀၂၁) ရက်နေ့တွင် ကျင်းပခဲ့သည့် (၉၃) ကြိမ်မြောက် Oscar ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲအခမ်းအနားတွင် Oscar ရုပ်ရှင်ထူးချွန်ဆု (ဇာတ်ပို့ဆု) ကို ဆွတ်ခူးရရှိ ခဲ့ပြီး၊ တောင်ကိုရီးယား ရုပ်ရှင်လောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ်စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါ ရုပ်ရှင်သည် ၂၀၂၁ ခုနှစ်တွင်  တောင်ကိုရီးယားနိုင်ငံ၌ ကြည့်ရှုသူတစ်သန်းကျော်ကို ဆွဲဆောင်နိုင်သည့် တတိယမြောက် ရုပ်ရှင်ကား ဖြစ်လာခဲ့ပါသည်။

ကိုရီးယားရုပ်ရှင်ကောင်စီ (Korean Film Council -KOFIC) စာရင်းအရ “Minari” ရုပ်ရှင် သည် (၁-၅-၂၀၂၁) ရက်နေ့တွင် လက်မှတ်စောင်ရေ (၂၃,၉၀၀) ကျော်ရောင်းချနိုင်ခဲ့ပြီး၊ စတင်ပြသခဲ့သည့် (၃-၃-၂၀၂၁) ရက်နေ့မှ ရက်ပေါင်း (၆၀) နီးပါးတွင် စုစုပေါင်း စောင်ရေ (၁) သန်းကျော် စံချိန်တင် ရောင်းချနိုင်ခဲ့သည်ဟု သိရှိရပါသည်။ ယခုနှစ်တွင် ဖြန့်ချိခဲ့သည့် ရုပ်ရှင် များတွင် Disney-Pixar ၏ “Soul” နှင့် ဂျပန် Animated ရုပ်ရှင် “Demon Slayer: Kimetsu no Yaiba the Movie: Mugen Train” တို့သည် “Minari” မတိုင်မီက ကြည့်ရှုသူ (၁) သန်းကျော် စံချိန်တင်ရရှိခဲ့သည့်အတွက် “Minari” သည် ယခုနှစ် အတွက် တတိယမြောက် စံချိန်တင်နိုင်သည့် ရုပ်ရှင်ဖြစ်ပါသည်။

 

 

ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထိုးပြီးသူများအား (၁၄) ရက်မှကင်းလွတ်ခွင့်ပြု မည့် အခြေအနေ

ကိုရီးယားသမ္မတနိုင်ငံအစိုးရမှအသိအမှတ်ပြုထားသော COVID-19 ကာကွယ်ဆေးကို သတ်မှတ်အရေအတွက်ပြည့်မီစွာထိုးပြီးသူများအား ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့မှစတင်၍ (၁၄) ရက် Self-Quarantine နေထိုင်ရခြင်းမှ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များက (၂၈-၄-၂၀၂၁)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အခြား သောနိုင်ငံများမှ ကာကွယ်ဆေးထိုးပြီး၍ ကိုရီးယားသမ္မတနိုင်ငံသို့ လာရောက်မည့်သူများအတွက် Self-Quarantine ဆိုင်ရာ စည်းမျဉ်းများကို သက်ဆိုင်ရာနိုင်ငံများနှင့်ညှိနှိုင်း၍ တစ်ဖြည်းဖြည်း တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  တောင်ကိုရီးယားအစိုးရအနေဖြင့် ကာကွယ်ဆေးများ ကိုလည်း နိုင်ငံ၏လူဉီးရေထက် (၂) ဆ ပိုမိုသော လူဉီးရေ (၁၀၀) သန်းအတွက် ကာကွယ်ဆေး (၁၉၂) သန်းခန့်ကို စာချုပ်ချုပ်ဆို၍ လုံလောက်စွာ ဝယ်ယူထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကိုရီးယားနိုင်ငံ၏လတ်တလောသတင်းများ

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုအခြေအနေများပိုမိုဆိုးရွားလာပါက မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်းကိုတားမြစ်၍ မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားများအား မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ယာယီလေကြောင်းလိုင်းများတိုးမြှင့်စီစဉ်ရေးကို တောင်ကိုရီးယားအစိုးရ အနေဖြင့် စဉ်းစားသုံးသပ်လျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဉီးက (၅-၄-၂၀၂၁) ရက်နေ့ တွင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ကာလရှည်ကြာဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခအခြေအနေများအရ တောင်ကိုရီးယားနိုင်ငံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၊ စစ်အစိုးရ၏ အခြေခံ အဆောက်အဉီ စီမံကိန်းများအတွက် ကိုရီးယားစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက် ရေးရန်ပုံငွေမှတစ်ဆင့် ဘဏ္ဍာရေးထောက်ပံ့မှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ (၁) ရက်နေ့မတိုင်မီက စတင်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံအတွက် Economic Development Cooperation Fund EDCF ၏ဆောင်ရွက်ဆဲစီမံကိန်းများကို ရပ်တန့်ရန် သင့်/ မသင့် ဆုံးဖြတ်ရန်အတွက်မူ ဆွေးနွေးမှုများပြုလုပ်နေဆဲဖြစ်ပြီး အတည်မပြုရသေးကြောင်း ကိုရီးယားပို့ကုန်သွင်းကုန်ဘဏ် (Export-Import Bank of Korea-Exim)မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက (၁၉-၄-၂၀၂၁) ရက်နေ့တွင် တောင်ကိုရီးယားသတင်းမီဒီယာများသို့ ထုတ် ဖော်ပြောကြားခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် Posco သည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရှိ သဘာဝဓါတ်ငွေ့ထုတ်လုပ်ခြင်း စီမံကိန်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများသို့ (၂၆-၄-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ သံမဏိထုတ်လုပ်မှုကျဆင်းပြီး ဝယ်လိုအားတိုးတက်ခဲ့ခြင်းကြောင့် သံမဏိစျေးနှုန်းများမြင့်တက်ခဲ့သဖြင့် ၄င်း၏ ပထမသုံးလပတ် အတွင်းရရှိခဲ့သောဝင်ငွေသည် မူလမျှော်မှန်း ထားသည်ထက် (၂)ဆ မြင့်တက်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

ASEAN Committee in Seoul (ACS) visit to LS အစီအစဉ်သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့မှု နှင့် LS မှ မြန်မာနိုင်ငံအပါအဝင်  အာဆီယံနိုင်ငံများ၌ အမေရိကန်ဒေါ်လာ (၁၀၀) သန်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်သွားမည့်အခြေအနေ

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ASEAN Committee in Seoul (ACS) ၏ အလှည့်ကျ ဥက္ကဌဖြစ်သော ထိုင်းသံရုံးနှင့် LS Group တို့၏ပူးပေါင်းစီစဉ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်အစီအစဉ်တစ်ရပ်အဖြစ် “ASEAN Committee in Seoul (ACS) visit to LS” အစီအစဉ်အား (၂၂-၄-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်မှ (၁၁:၃၀)အချိန်အထိ ဆိုးလ်မြို့၊ ယွန်ဆန်းရှိ LS ရုံးချုပ် တည်ရှိရာ LS Yongsan Tower ၌ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီး ဉီးသန့်စင်မှ ACS အဖွဲ့ဝင် အာဆီယံ သံအမတ်ကြီးများနှင့်အတူ တက်ရောက် ခဲ့ပါသည်။ LS သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအချို့၌ လျှပ်စစ်၊ စွမ်းအင်နှင့် Cable ဆိုင်ရာလုပ်ငန်းများ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၀) သန်းခန့်ကို အသီးသီးရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်ကာ အနာဂတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအဖြစ် အမေရိကန် ဒေါ်လာ(၁၀၀)သန်းကို ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ထပ်မံရင်းနှီးမြှုပ်နှံသွား ရန်လျာထားကြောင်း သိရှိရပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး

ဆိုးလ်မြို့

Source: Ministry of Trade, Industry & Energy၊ Korea Customs Services၊ Ministry of Economy & Finance၊ The Bank of Korea၊ The Korea Times၊ The Korea Herald၊ Yonhap News၊ https://kopico.or.kr ၊  https://asia.nikkei.com

Loading