ပြည်ပသတင်းများ

ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း တရုတ်နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းများပေါ် ဖိအားများဖြစ်ပေါ် လာနိုင်

ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သင်္ဘောခများ တောက်လျှောက်တက်လာ နေခြင်းနှင့် နိုင်ငံခြားငွေလဲနှုန်း အတက်အကျဖြစ်နေခြင်းတို့ကြောင့် ယခုနှစ် ဒုတိယနှစ်ဝက် အတွင်း တရုတ်နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများမှာ ဖိအားများနှင့် ပိုမို ရင်ဆိုင်လာရနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလိုက်ပါသည်။

၄င်းဖိအားများမှာ ဇွန်လအတွင်း သိသာလာနိုင်ကြောင်း နင်းဘိုမြို့အခြေစိုက် စာရေး ကိရိယာများနှင့် ရုံးအသုံးအဆောင်များ ထုတ်လုပ်တင်ပို့နေသည့် Beifa Group၏ ဉက္ကဌ Qiu Zhiming က မှတ်ချက်ပြုပြောကြားပါသည်။ ၎င်းအုပ်စုသည် နိုင်ငံပေါင်း (၂၀၀)ကျော်သို့ တင်ပို့နေသည့်အုပ်စုဖြစ်ပြီး၊ တရုတ်မှ ဘောပင်တင်ပို့မှုများ၏ (၁၆.၅) ရာခိုင်နှုန်းခန့်ရှိပါသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း စက်မှုလုပ်ငန်းသုံး အဓိကကုန်စည်များ၏ ဈေးနှုန်းများ မြင့်တက်လာပါသည်။ ဉပမာအားဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သံသတ္တုရိုင်း၏ ဈေးနှုန်းမှာ (၅၈.၈)ရာခိုင်နှုန်း၊ ကြေးနီဈေးနှုန်းမှာ (၂၉.၈) ရာခိုင်နှုန်းနှင့် ဆား ကစ်ပြားများ၏ ဈေးနှုန်းမှာ (၁၈.၉) ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်အကောက်ခွန်ဌာန ၏ အချက်အလက်များအရ သိရပါသည်။

သင်္ဘောခများမှာလည်း (၃)ဆမှ (၆)ဆ ပိုမိုကုန်ကျလာပါသည်။ ဉပမာ နင်းဘိုမြို့မှ နယူးယောက်သို့ ကုန်သေတ္တာတစ်လုံးတင်ပို့ရန်အတွက် သင်္ဘောခမှာ အမေရိကန်ဒေါ်လာ (၂,၅၀၀)မှ အမေရိကန်ဒေါ်လာ (၁၂,၀၀၀)နီးပါးတိုင်အောင် မြင့်တက်လာပါသည်။

နိုင်ငံခြားငွေလဲနှုန်းတွင် အတက်အကျများနေမှုများမှာလည်း လုပ်ငန်းများအတွက် ဆုံးရှုံးနိုင်ခြေများများနေပါသည်။ BOC International (China) Co Ltd ၏ အကြီးတန်း စီးပွား ရေးပညာရှင် Guan Tao၏ ခန့်မှန်းချက်အရ  ယခုနှစ်အတွင်းအကြောင်း အရာအမျိုးမျိုးကြောင့် နိုင်ငံခြားငွေလဲနှုန်းများမှာ အရောင်းအဝယ်နှစ်ဖက်လုံးတွင် ဆုံးရှုံး နိုင်ခြေများရှိနေကြောင်း သိရ ပါသည်။

ယခုဖြစ်ပေါ်နေသည့် ကုန်စည်ဈေးနှုန်းမြင့်တက်ခြင်းနှင့် သင်္ဘောခများ မြင့်တက်ခြင်း စိန်ခေါ်မှုများအပြင်၊  နိုင်ငံခြားရှိ ထုတ်လုပ်သူများကလည်း ယခုနှစ်အစော ပိုင်းတွွင် ထုတ်လုပ်မှု များ ပြန်လည်စတင်လာကြသည့်အတွက်  ယှဉ်ပြိုင်မှုများလည်း တိုးပွားလာပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု (၂၈.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း၊ မကြာမီ ကုန်ကြမ်းများ ပြတ်လပ်တော့မည်ဖြစ်သဖြင့် ကျန်နှစ်ဝက် အတွက် အလားအလာများအပေါ် စက်မှုကုန်ထုတ်လုပ်သူများက စိုးရိမ်မကင်း ဖြစ်နေကြပါ သည်။

အချို့ကုန်ထုတ်လုပ်သူများဆိုလျှင် ၄င်းတို့၏ထုတ်ကုန်များအပေါ် အရောင်းဈေးနှုန်း တဖြည်းဖြည်းတိုးမြှင့်ထားကြပြီး၊ ပြည်တွင်းဈေးကွက်ပိုမိုရရှိစေရန် အားထုတ်ကြိုးပမ်းလာကြ သည်ကို တွေ့ရပါသည်။

အလူမီနီယံ၊ ကြေးနီ၊ သံမဏိစသည့်ပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်လာသော ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင်သံကြား ၊ အဝတ်လျှော်စက်များ၏ ပြည်တွင်းပြည်ပ ဈေးနှုန်းများ လည်း မြင့်တက်လာကာ၊ နောက်လာမည့် (၆)လအတွင်း ပိုမိုမြင့်တက် လာမည်ဖြစ်ပါသည်။  ထိုသို့သော ကုန်ပစ္စည်းများအတွက် ပြည်ပဈေးကွက်အတွင်း ပြိုင်ဆိုင်မှုများ မြင့်တက်လာရာ သမားရိုးကျ ဈေးကွက်များဖြစ်ကြသည့် အရှေ့အလယ်ပိုင်းနှင့် ဉရောပနိုင်ငံများအပြင် ဒေသ တွွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် မူဘောင်အောက်ရှိ အခွန်နှုန်း သက်သာသည့် အရှေ့တောင်အာရှနိုင်ငံဈေးကွက်များအတွင်း ပိုမိုဝင်ရောက်ရန် တရုတ်ကုမ္ပဏီ အချို့ကစီစဉ်နေပါသည်။

သို့ရာတွင် ပြည်ပနိုင်ငံများကလည်း ၄င်းတို့၏ ထုတ်လုပ်မှုများအား ပြန်လည်စတင် လာကြသည့်အတွက် ဈေးကွက်အသစ်များတွင်နေရာရရှိရန် အချိန်ယူရလိမ့်ဉီးမည်ဖြစ်ကြောင်း၊ တရုတ်ပစ္စည်းများအတွက် နည်းပညာတီထွင်ဆန်းသစ်မှုကသာလျှင် ယှဉ်ပြိုင်နိုင်စွမ်းခိုင်မာစေ ရန်ဆောင်ရွက်စေနိုင်မည့်အရာဖြစ်ကြောင်း တရုတ် Renmin တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် Liu Yuanchun က သုံးသပ်ပြောကြားထားပါသည်။

ရင်းမြစ်၊ Chinadaily (၁၀-၅-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

Loading