ပြည်ပသတင်းများ

ဩစတြေးလျနိုင်ငံ၏ မတ်လအတွင်း အမဲသားတင်ပို့မှုက ၁၀နှစ် အတွင်း တင်ပို့မှု အကျဆင်းဆုံးဖြစ်

ဩစတြေးလျနိုင်ငံ၏ မတ်လအတွင်းအမဲသားတင်ပို့မှုမှာ ၈၃, ၄၃၈ တန်သာရှိခဲ့ပြီး၊ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ % ကျဆင်းခဲ့ရာ ၁၀ နှစ်အတွင်း တင်ပို့မှုအနည်း ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ရာသီဥတုအခြေအနေပိုမိုကောင်းမွန်လာသော်လည်း ၂၀၁၉ ခုနှစ် ကတည်းက ဩစတြေးလျတိုက်တစ်လုံး အတိုင်းအတာဖြင့် မိုးခေါင်မှုကြောင့် မွေးမြူသူများ အပေါ်သက်ရောက်မှုများရှိခဲ့ရာ ဩစတြေးလျအရှေ့ပိုင်းတွင် နွားသတ်ဖြတ်မှုနှုန်း သိသိသာသာ ကျဆင်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ်အထိ နိုင်ငံအဝှမ်း အမဲသားတင်ပို့မှုက သိသိသာသာရပ်တန့်ခဲ့ရပါ သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် မိုးခေါင်မှု အမြင့်ဆုံးဖြစ်ပွားခဲ့သော်လည်း သတ်ဖြတ်မှုနှုန်းမြင့် မားခဲ့ပြီး၊ အမဲသားတန်ချိန် ၁၀၃, ၀၀၀ တန်ကို တင်ပို့နိုင်ခဲ့ပါသည်။ ယခုနှစ်ပထမ သုံးလပတ် အမဲသား တင်ပို့မှုကိုလည်း ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ % ကျဆင်းခဲ့သည် ကိုတွေ့ရှိရပါသည်။

ဩစတြေးလျနိုင်ငံ၏ ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ဝယ်ယူသည့်နိုင်ငံများတွင်လည်း ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ဧပြီလမှ စတင်ပြီး၊ ၎င်းအချိန် မှစတင်၍ ဩစတြေးလျ-ဂျပန်လွတ်လပ်သော ကုန်သွယ်မှုဒေသအရ အမဲသားအပေါ် အကောက် ခွန်နှုန်း‌လျှော့ချမှုမှာ သက်ဝင်မည်ဖြစ်ရာ မတ်လအတွင်း ဂျပန်နိုင်ငံသို့ အမဲသားတင်ပို့မှုမှာ ကန့်သတ်ချက် များစွာရှိခဲ့ပါသည်။ CPTPP သဘောတူစာချုပ်အရ ဩစတြေးလျ ရေခဲရိုက်နှင့် အေးခဲအမဲသားအပေါ် အကောက်ခွန်နှုန်းမှာ လွန်ခဲ့သော သုံးနှစ်က ၂၇.၅ % မှ ယမန်နှစ်တွင် ၂၅.၈ %သို့ ရောက်ရှိခဲ့ပြီး၊ ယခုနှစ်ဧပြီလတွင် ၂၅ % အထိကျဆင်းမည်ဖြစ်ပါသည်။ အကောက်ခွန် လျှော့ချမှုအစီအစဉ်ဇယားအရ ၂၀၃၂ တွင် ၁၀.၈% သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ဂျပန်သို့ မတ်လအတွင်း တင်ပို့မှုတန်ချိန် ၂၀,၁၃၀ တင်ပို့နိုင်ခဲ့သ‌သော်လည်း ယမန်နှစ်အလားတူကာလ တွင် တန်ချိန် ၂၆,၀၀၀ တင်ပို့နိုင်ခဲ့သည့်အတွက် တင်ပို့မှု ၂၅% ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါ သည်။ ပထမသုံးလပတ်တင်ပို့မှုမှာမူ တန်ချိန် ၅၀, ၅၄၉ တန်သို့ ရောက်ရှိခဲ့ရာ တင်ပို့မှု ပမာဏနှင့် တင်ပို့မှုတန်ဖိုးတွင် ဂျပန်သည် ဩစတြေးလျ၏ အကြီးဆုံးအမဲသားတင်ပို့သူအဖြစ် ဆက်လက် ရပ်တည်နေပါသည်။

အမေရိကန်နိုင်ငံသို့ မတ်လအတွင်း အမဲသားတန်ချိန် ၁၂,၆၈၀ တန် တင်ပို့နိုင်ခဲ့ပြီး၊ ဖေဖော်ဝါရီလတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၂၉%  မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ သို့သော် ပထမသုံးလပတ်တွင် တန်ချိန်စုစုပေါင်း ၂၉,၂၅၁ တန်ကိုသာ တင်ပို့နိုင်ခဲ့သည့်အတွက် အလား တူကာလနှင့် နှိုင်းယှဉ်ပါက ၄၄ % အထိ သိသာစွာကျဆင်းခဲ့ပါသည်။ ဩစတြေးလျနိုင်ငံ၏ တတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ မတ်လတွင် ၁၄, ၉၂၉ တန် တင်ပို့နိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှု ၁၉ %ကျဆင်းသွားခဲ့ပါသည်။ ပြက္ခဒိန် နှစ်စမှစ၍ ဧပြီလလယ်အထိ အမဲသားတန်ချိန် စုစုပေါင်း ၃၅,၇၇၂ တန် တင်ပို့နိုင်ခဲ့ပါသည်။ အခြားနိုင်ငံများနည်းတူ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာလည်း ကျဆင်းခဲ့ပါသည်။ တောင်ကိုရီးယား နိုင်ငံ ဈေးကွက်မှာဩစတြေးလျနိုင်ငံအတွက် တည်ငြိမ်သော ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိ ပြီး၊  ပထမသုံးလပတ်အတွင်း ၃၆, ၇၁၃ တန် တင်ပို့နိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလတွင် တင်ပို့ခဲ့သည့် ပမာဏနှင့် တူညီမှုနီးပါးရှိသည်ကို တွေ့ရှိရပါသည်။

ဧပြီလ ၁၂ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ ရာမန်ဒါန် ကာလကို ကြိုတင်ပြင်ဆင် သည့် အနေဖြင့် မတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံက ၄, ၈၃၄ တန်ဝယ်ယူခဲ့ပြီး၊ အများစုမှာ အေးခဲ အမဲသားများဖြစ်ပါသည်။ ပထမသုံးလပတ်အတွင်း စုစုပေါင်း တင်ပို့မှု ၁၁၇၇၂ တန်သို့ ရောက်ရှိခဲ့သော်လည်း ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၉ % ခန့် ကျဆင်းခဲ့ရပါ သည်။ ဩစတြေးလျနိုင်ငံမှ အရှေ့အလယ်ပိုင်းဒေသသို့ အမဲသားတင်ပို့မှုမှာ ၂,၈၂၀ တန်သို့ ရောက်ရှိခဲ့ပြီး၊ ပြက္ခဒိန် နှစ်စမှစ၍ ဧပြီလလယ်အထိ အမဲသားတန်ချိန် ၁၀,၀၀၀ ခန့်တင်ပို့နိုင်ခဲ့ ရာ ယမန်နှစ် ထက် ၂၀ % တိုးမြှင့်တင်ပို့နိုင်ခဲ့ပါသည်။

အီးယူဈေးကွက်မှာမူ အနိမ့်ဆုံးတင်ပို့မှုဖြင့် မတ်လတွင် တန်ချိန် ၆၁၀ တန် တင်ပို့ခဲ့ပြီး ပထမသုံးလပတ်အတွင်း စုစုပေါင်း တန်ချိန် ၂,၀၉၃ တန်သာတင်ပို့နိုင်ခဲ့၍ ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၇ ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ဥရောပတစ်ခွင် ကိုဗစ်ဆိုင်ရာ ထိန်းချုပ်ကန့်သတ် ဆောင်ရွက်ချက်များကြောင့် ဟိုတယ်နှင့် စားသောက်ဆိုင်ကဏ္ဍတို့ အပေါ် ရိုက်ခတ်မှုများကြောင့် ဩစတြေးလျနိုင်ငံ၏ အီးယူသို့ တင်ပို့မှုမှာ ကျဆင်းခဲ့ရခြင်းဖြစ်ပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Source: www.mla.com.au

Loading