ပြည်ပသတင်းများ

ချီကာဂိုစတော့ဈေးကွက် ပဲပုတ်စေ့ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ၇ နှစ်အတွင်း အကောင်းဆုံးအခြေအနေသို့ ရောက်ရှိ

ဧပြီလ ၂၀ရက်နေ့တွင် ချီကာဂိုစတော့ဈေးကွက် (Chicago Commodity Exchange – CBOT) ၏ ပဲပုတ်စေ့ဈေးနှုန်းများသည် အမြင့်ဈေးနှုန်းများဖြင့် ဈေးကွက်ပိတ်ခဲ့ပြီး ၇ နှစ် အတွင်း အကောင်းဆုံး အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး အကြံပေး ကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ မေလတွင် ကုန်ပစ္စည်းတင်ပို့ပေးရမည့် ပဲပုတ်စေ့ကြိုပွိုင့်ဈေးကွက်တွင် ယခင်လထက် အမေရိကန်ဒေါ်လာ ၂၂.၂၅ ဆင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၄.၇၂ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဇူလိုင်လအတွက် ပဲပုတ်စေ့ကြိုပွိုင့် ဈေးကွက်တွင် ယခင်ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၂၁.၂၅ ဆင့် ဈေးနှုန်းပိုမိုမြင့်တက်ခဲ့ပြီး ပဲပုတ်စေ့ ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၁၄.၅၇ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ကုန်စည်အလိုက်ဈေးနှုန်းများတွင်  ဇူလိုင်လအတွက် ပဲပုတ်စေ့အခွံ (တိရိစ္ဆာန်အစာ) ကြိုပွိုင့်ဈေးနှုန်းသည် ယခင်ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၃.၄၀ ပိုမိုမြင့်တက်ခဲ့ပြီး ၁ တန် လျှင် အမေရိကန်ဒေါ်လာ ၄၁၄.၇၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဇူလိုင်လအတွက် ပဲပုတ်စေ့ဆီ ကြိုပွိုင့်ဈေးကွက်တွင် ယခင်ဈေးနှုန်းထက် ၁.၂၇ ဆင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၅၅.၁၄ ဆင့် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ကမ္ဘာ့သီးနှံဈေးကွက်သို့ ပဲပုတ်စေ့များဝင်ရောက်မှု လျော့ကျနိုင်ကြောင်း သုံးသပ်ချက် များနှင့် လတ်တလော သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် ဖြစ်ပေါ်နေသော ရာသီဉတု အခြေအနေများကြောင့် အမေရိကန်ပဲပုတ်စေ့၏ ဈေးနှုန်းများကို ပိုမိုမြင့်တက်စေလျက်ရှိကြောင်း စီးပွားရေးအကြံပေးကုမ္ပဏီက သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့အပြင် ပဲပုတ်စေ့စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများအား အမေရိကန်စိုက်ပျိုးရေးဌာန (U.S. Department of Agriculture – USDA) က သတင်းများထုတ်ပြန်ပေးလျက်ရှိရာ အမေရိကန် နိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့အထိ ပဲပုတ်စေ့စိုက်ပျိုးဧရိယာ၏ ၃ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးပြီးစီး ကြောင်း စိုက်ပျိုးရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် -canalrural.com.br

Loading