ပြည်ပသတင်းများ

ချီကာဂိုစတော့ပ်ဈေးကွက်တွင် ပဲပုတ်စေ့ ဈေးနှုန်းမြင့်များ ဆက်လက်မြင့်တက်လျက်ရှိ

၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုစတော့ဈေးကွက်ရှိ ပဲပုတ်စေ့ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး စတော့ပ်ဈေးကွက်၏ ဈေးနှုန်းသတ်မှတ်ချက် အမှတ်သည် နံနက်ပိုင်းတွင် ၃.၇၅ မှ ၆ အထိ မြင့်တက်ခဲ့သဖြင့် ပဲပုတ်စေ့ ၁ စည် တန်ဖိုးသည် မေလတွင် အမေရိကန်ဒေါ်လာ ၁၄.၁၈ နှင့် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၃.၀၆ အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ပဲပုတ်စေ့ဈေးနှုန်းများသည် အမေရိကန်စိုက်ပျိုးရေးဌာန၏ ဈေးကွက်သတင်းစာစောင်တွင် ဖော်ပြခဲ့သည့်  ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ဈေးနှုန်းခန့်မှန်းချက်များ နောက်သို့ တရိပ်ရိပ်လိုက်ပါ မြင့်တက်လျက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံအတွင်းတွင်လည်း ပဲပုတ်ကုန်ကြမ်းဈေးနှုန်းများ မြင့်တက် လျက်ရှိနေသဖြင့် စိုက်ပျိုးထွက်ရှိသည့် ပဲပုတ်စေ့ပမာဏ၏ အနည်းငယ်ကိုသာ ဇီဝလောင်စာဆီ ကြိတ်ခွဲထုတ်လုပ်မှုအတွက် အသုံးပြုမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့သီးနှံဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများ မြင့်တက်မှုနေကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပဲပုတ်စေ့စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧရိယာများ တိုးချဲ့စိုက်ပျိုးရန် အမေရိကန်တောင်သူများအပေါ် တွန်းအားဖြစ်စေကြောင်း၊ အလားတူပင် ပဲပုတ်တင်ပို့သူများအနေဖြင့်လည်း အမေရိကန်မြောက်ပိုင်း ၏ သီးနှံရိတ်သိမ်းချိန်တွင်ဖြစ်ပေါ်နေသော ရာသီဥတုအပေါ်တွင် အာရုံစိုက်လျက်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးမှုအနေဖြင့် ပြောင်း ၂ ရာခိုင်နှုန်းသာ စိုက်ပျိုးပြီးစီးသေးကြောင်းနှင့် တရုတ်နိုင်ငံ၏ ပြောင်းစေ့ဝယ်လိုအားမှာ ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့သီးနှံဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည့် အဓိကပြိုင်ဘက် နိုင်ငံများဖြစ်ပြီး ပို့ကုန်များအား တရုတ်နိုင်ငံဈေးကွက်သို့ အများဆုံးတင်ပို့လျက်ရှိသည်။ ဘရာဇီးလ် နိုင်ငံအတွင်းရှိ သီးနှံဈေးကွက်သည် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ပ်ဈေးကွက်နှင့် ချိတ်ဆက် လျက်ရှိနေပြီး ပဲပုတ်စေ့၊ ပြောင်း၊ ဂျုံနှင့် ကော်ဖီတို့၏ ဈေးကွက်ပေါက်ဈေးများသည်လည်း စတော့ပ် ဈေးကွက်ပေါက်ဈေးများ ပြောင်းလဲမှုအပေါ်မူတည်၍ လိုက်ပါပြောင်းလဲလျက်ရှိသည်။ တောင်နှင့် မြောက်အမေရိကတိုက်ရှိနိုင်ငံများတွင် ဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေနှင့် အမေရိကန် ဒေါ်လာငွေတန်ဖိုး အတက်အကျသည် ကမ္ဘာ့သီးနှံဈေးကွက်၏ ဈေးနှုန်းများဖြစ်ပေါ်မှုတွင် အဓိက အကျိုးသက်ရောက်စေလျက်ရှိသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – noticiasagricolas.com.br

Loading