ပြည်ပသတင်းများ

ဟောင်ကောင်ဒေသ အသေးစား စီးပွားရေးလုပ်ငန်းများ အကြား ယုံကြည်ချက်များ လွန်ကဲစွာ လျော့ကျလျက်ရှိခြင်း

ကမ္ဘာ့ကပ်ရောဂါ COVID-19 ၏ သက်ရောက်မှုများ ဆက်လက်ခံစားနေရခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း စီးပွားရေးကျဆင်းမှုများကြောင့် ဟောင်ကောင်ဒေသရှိ အသေးစားစီးပွားရေး လုပ်ငန်းများအကြား ယုံကြည်ချက်များမှာ လွန်ကဲစွာ လျော့ကျလျက်ရှိကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Martin Choi က “Confidence among small businesses hits all-time low” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

အဆိုပါသတင်း၌ အလုပ်သမား (၂၀) ဦး အောက်လျော့နည်းသည့် အရေအတွက်ဖြင့် လုပ်ငန်းလည်ပတ်နေသည့် အသေးစားလုပ်ငန်းများ၏ (၂၀) ရာခိုင်နှုန်းမှာ ယခုနှစ်အတွင်း စီးပွားရေးပြန်လည်ကောင်းမွန်ရန်လည်းကောင်း၊ (၁၂) ရာခိုင်နှုန်းမှာ ဝန်ထမ်းများ အသစ်ထပ်မံ ခန့်ထားရန်လည်းကောင်း အသီးသီး မျှော်လင့်လျက်ရှိကြောင်း၊ လွန်ခဲ့သော (၂) နှစ်အတွင်း ဟောင်ကောင်ဒေသစီးပွားရေးမှာ ဆက်တိုက်ကျဆင်းခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် (၆.၁) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လက်လီရောင်းချရမှု (၂၄.၃) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်း မှာလည်း (၇.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်အထိ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်မှုမှာလည်း ရပ်ဆိုင်းထားရဆဲဖြစ်သောကြောင့် လုပ်ငန်းများမှာ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း၊ ဟောင်ကောင်ဒေသ၌ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် အလုပ်လက်မဲ့နှုန်းမှာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ COVID-19 ၏ ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှုများကြောင့် ဟောင်ကောင်ဒေသမှ စီးပွားရေးလုပ်ငန်း (၆၅) ရာခိုင်နှုန်းမှာ ပြန်လည်နလန်ထူရန် ကြာမြင့်ချိန် (၁)နှစ်(သို့မဟုတ်)(၁)နှစ်ထက် ပိုမိုကြာမြင့်သွားနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။ စီးပွားရေး လုပ်ငန်းများတွင် တီထွင်ဖန်တီးမှုများလုပ်‌ဆောင်ပါက ကာလတိုကုန်ကျစရိတ်များ ပိုမိုကုန်ကျ မည်ဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် အရင်းအမြစ်များ ခွဲဝေသုံးစွဲမှုနှင့် နည်းပညာများ လက်ခံ ကျင့်သုံးပြီး တီထွင်ဖန်တီးမှုများ ပြုလုပ်ပါက ဟောင်ကောင်ဒေသရှိ အသေးစားလုပ်ငန်းများ အနေဖြင့် ရေရှည်ယှဉ်ပြိုင်မှုများ တိုးတက်နိုင်မည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ၌ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို လက်ရှိအနေအထားအတိုင်း ဆက်လက်ထိန်းထားနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading