ပြည်ပသတင်းများ

(၂၀၂၁) ခုနှစ် နှစ်စတွင် တရုတ်နိုင်ငံ၏ အဓိကသွင်းကုန် ပစ္စည်းများတင်သွင်းမှု ခိုင်မာအားကောင်းနေ

(၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ၏ အဓိက ကုန်ပစ္စည်းများ တင်သွင်း မှုမှာ ခိုင်မာစွာတိုးတက်ခဲ့ကြောင်း စာရင်းများအရ တွေ့ရသဖြင့် စီးပွားရေးတိုးတက်မှုအား ဆက်လက်ထိန်းထားနိုင်ကာ၊ ၎င်းလအတွင်း ရေနံစိမ်းတင်သွင်းမှုမှာ တစ်ရက်လျှင် စည်ပေါင်း (၁၂) သန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းရပါသည်။ ထိုစံချိန်မှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းက တင်သွင်းခဲ့သည့် တစ်ရက်လျှင် စည်ပေါင်း (၉.၀၆) သန်းမှ မြင့်တက်လာခြင်းဖြစ်ပါသည်။

ရေနံစိမ်း၊ သံသတ္တုရိုင်းနှင့် ကျောက်မီးသွေးများ တင်သွင်းမှုမှာ ပြီးခဲ့သောလများ ကတည်းက များပြားလာခဲ့ခြင်းဖြစ်ကာ၊ ဇန်နဝါရီလအတွင်း ဓာတ်ငွေ့ရည် တင်သွင်းမှုမှာ ယမန်နှစ် ဒီဇင်ဘာလ၏ စံချိန်တင်မှတ်တမ်းနီးပါး ထိရောက်ရှိခဲ့ပါသည်။ ယခုနှစ် ဆောင်းရာသီ မှာ ကြိုတင်ခန့်မှန်းခဲ့သည်ထက် အအေးဓာတ်ပိုမိုခဲ့သောကြောင့်  ကျောက်မီးသွေးဖြင့် အပူပေး သည့်စနစ်မှ ပိုမိုသန့်စင်စွာ အပူပေးနိုင်သည့် သဘာဝဓာတ်ငွေ့ကို ပြောင်းလဲအသုံးပြုမှု ပိုမို လာသဖြင့် LNG ဓာတ်ငွေ့ရည်တင်သွင်းမှု ပိုမိုများပြားခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ကျောက်မီးသွေး တင်သွင်းမှုမှာ (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလအတွင်း (၁၀.၂၁) သန်း၊ ဒီဇင်ဘာလ အတွင်း (၁၈.၇၄) သန်းနှင့် ယခုနှစ် ဇန်နဝါရီလအတွင်း တန်ချိန် (၂၀.၇၅) သန်းရှိမည်ဟု ခန့်မှန်း ကြပါသည်။

တရုတ်နိုင်ငံ၏ လွတ်လပ်သော ရေနံချက်စက်ရုံများက ကုန်ပစ္စည်းသွင်းအားစုများကို စောစီးစွာ ထိန်းသိမ်းထားရန် နှစ်သက်ကြကာ နောက်ပိုင်း၌ ကုန်ပစ္စည်းစုဆောင်းမှုများဖြင့် လုပ်ငန်းဆောင်ရွက်တတ်ကြသောကြောင့် လာမည့်လများအတွင်း ရေနံချက်စက်ရုံများ၏ ကိုတာအရေအတွက်အများအပြားကို အသုံးပြုသွားနိုင်ဖွယ်ရှိနေပါသည်။

ဤအချက်မှာ  တရုတ်နိုင်ငံ၏ အချို့နေရာများတွင် COVID-19 ကူးစက်မှုများကြောင့် ကန့်သတ်ပိတ်ပင်မှုများရှိနေမှုအပေါ် စိုးရိမ်ပူပန်နေမှုများကြောင့် လောင်စာဆီ ဝယ်လိုအား ဖွံ့ဖြိုးမှုနှုန်း အသင့်အတင့်ပင်ရှိနေသော်ငြားလည်း လာမည့်လများအတွင်း တရုတ်နိုင်ငံ၏ ရေနံစိမ်းဝယ်လိုအား ဆက်လက်မြင့်တက်နေဉီးမည်ဟု  ပြသနေပါသည်။

ကျောက်မီးသွေးမူဝါဒ

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုအား မူဝါဒဖြင့် များစွာ ထိန်းကျောင်း ကြပ်မတ်မှုပြုနေပြီး စုစုပေါင်းနှစ်စဉ်တင်သွင်းမှုအား ယခုနှစ် နှစ်လယ်ပိုင်းတွင် ကန့်သတ်မှုများ ပြုလုပ်သွားရန် အာဏာပိုင်များက ရည်ရွယ်ထားကြပါသည်။ သို့မှသာ ပြည်တွင်းမှ ထုတ်လုပ် သူများအတွက် အမြတ်ကို ထိန်းထားနိုင်မည်ဖြစ်ပြီး၊ ဈေးနှုန်း သက်သာသော နိုင်ငံအချို့မှ ကျောက်မီးသွေးများကိုမူ လုံလောက်သောပမာဏအထိ တင်သွင်းနိုင်စေရန် ခွင့်ပြုပေးမည်ဟု သိရပါသည်။

ဇန်နဝါရီလအတွင်း သံသတ္တုရိုင်းတင်သွင်းမှုမှာ တန်ချိန် (၉၄.၀၈ )သန်းခန့် ရှိခဲ့ပြီး၊ ယမန်နှစ် ဒီဇင်ဘာလကတင်သွင်းခဲ့သော ပမာဏ တန်ချိန် (၈၅.၃၅) သန်းထက် ပိုမိုတင်သွင်း ခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် ကိုရိုနာကပ်ရောဂါဖြစ်ပွားသဖြင့် ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်း အစိုးရ၏ စီးပွားရေးမြှင့်တင်ရန် ဆောင်ရွက်မှုများက ဆောက်လုပ် ရေးလုပ်ငန်းများဖြင့် လှုံ့ဆော်မှုများ အလွန်ပြုလုပ်လာ သည့်အတွက် (၂၀၂၀) ခုနှစ်အတွင်း သံမဏိထုတ်လုပ်မှုမှာ တန်ချိန် (၁.၀၅) ဘီလီယံသို့ မြင့်တက်ခဲ့ပါသည်။

ယခုနှစ်တွင် (၂၀၂၀) ခုနှစ်ကထက် သံမဏိပိုမိုထုတ်လုပ်မည်ဆိုပါက သံသတ္တုရိုင်း အား ပိုမိုတင်သွင်းရမည်ဖြစ်ပါသည်။ သို့ရာတွင် သံမဏိထုတ်လုပ်ရာ၌ လောင်စာပိုမိုကုန်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းသည့်အတွက် ယခုနှစ် တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုပိုမိုအားကောင်းစေ ရန် အစိုးရမှဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် သံမဏိပိုမိုထုတ်လုပ်မှုပါဝင်မည် ဟုတ်၊ မဟုတ်ကို စောင့်ကြည့်နေဆဲဖြစ်ပါသည်။

အလုံးစုံအားဖြင့် တရုတ်နိုင်ငံ၏ ဇန်နဝါရီလအတွင်း သွင်းကုန်တင်သွင်းမှုမှာ ကိုရိုနာ ကပ်ရောဂါအလွန်ကာလ၌ စီးပွားရေးပြန်လည် နာလန်ထူကောင်းမွန်လာနေသည်ဟူသည့် အခြေအနေအား ထင်ရှားစေပါသည်။ အချို့သော သွင်းကုန်ပစ္စည်းများမှာ ကာလတိုအတွင်း ရာသီဉတုအခြေအနေ၊ ကုန်ကြမ်းစုဆောင်းနေမှုအခြေအနေစသည်တို့ကြောင့် ဝယ်လိုအား မြင့်မားနေသောကြောင့်ဖြစ်သော်လည်း (၂၀၂၁) ခုနှစ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် စီးပွားရေးဖွံ့ဖြိုးမှုအား ဉီးစားပေးဆောင်ရွက်သွားမည်ဟူသည့် အပြုသဘော မျှော်လင့်ချက်များ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိပါသည်။

ရင်းမြစ်၊ www.zawya.com (၂-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading