ပြည်ပသတင်းများ

ခရီးများစွာသွားလာနိုင်ခြင်း မရှိခဲ့သော်လည်း နွေဦးရာသီ ပွဲတော်ကာလအတွင်း ချောထုပ်ပို့ဆောင်မှုများ များပြားခဲ့

နွေဦးရာသီပွဲတော် (တရုတ်နှစ်သစ်ကူးပွဲတော်) ကာလအတွင်း တရုတ်လူမျိုးသန်းနှင့် ချီ၍ နှစ်စဉ်အားလပ်ရက်ရှည်ခံစားနေခဲ့ကြသော်လည်း ချောထုပ်များ ပို့ဆောင်မှုမြင့်တက်လာ ခဲ့ကြောင်း တရုတ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီများက ထုတ်ဖော်ပြောကြားခဲ့ကြပါသည်။

ရက်သတ္တတစ်ပတ်ကြာ ကြာမြင့်သည့် နွေဦးရာသီအားလပ်ရက်များ၏ ပထမ(၂) ရက် အတွင်း တရုတ်အမြန်ချောပို့လုပ်ငန်းများက ချောထုပ်သန်းပေါင်း (၁၃၀) ခန့်အား ပို့ဆောင် ပေးခဲ့ရကာ ယမန်နှစ်ကထက် (၂၂၃) ရာခိုင်နှုန်းတိုးတက်လာကြောင်း နိုင်ငံပိုင်စာတိုက်ဗျူရိုမှ ထုတ်ပြန်သည့်စာရင်းများအရ သိရှိရပါသည်။

မိသားစုများပြန်လည်ဆုံစည်းကြသည့် နွေဦးရာသီပွဲတော်ရက်မတိုင်မီ  တရုတ်နိုင်ငံ တစ်ဝှမ်း၌ လူပေါင်းသန်းနှင့်ချီ၍ ခရီးသွားလေ့ရှိကြသော်လည်း ယခုနှစ်တွင် COVID-19 ကပ်ရောဂါ မပျံ့နှံ့စေရေးအတွက်  မိမိတို့ရောက်ရှိရာ နေရာများ၌ပင် နေထိုင်ကြရန် တရုတ် အာဏာပိုင်များက အကြံပြုတိုက်တွန်းခဲ့ပါသည်။

ဤကဲ့သို့ မိသားစုဝင်များ ပြန်လည်ဆုံစည်းကြသည့်အချိန်များ၊ အားလပ်ရက်ပျော်ပွဲ ရွှင်ပွဲများနှင့် အတူစုရုံးပျော်ရွှင်နိုင်သည့်အခွင့်အရေးများ ဆုံးရှုံးသော်ငြားလည်း  တရုတ်ပြည်သူ အများအပြားက လက်ဆောင်ချောထုပ်များ ပေးပို့ခြင်း (သို့မဟုတ်) ရပ်ဝေးရှိ မိသားစုများနှင့် မိတ်ဆွေများအတွက် အွန်လိုင်းမှ ဈေးဝယ်၍ ပေးပို့ခြင်းတို့ကို ပြုလုပ်ခဲ့ကြသဖြင့် သယ်ယူ ပို့ဆောင်ရေးအသုံးပြုလိုအားများ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။

နေ့စဉ်မရှိမဖြစ်လိုအပ်သည့်ကုန်ပစ္စည်းများကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး အတွက် အာမခံပေးရန် အစိုးရက ကတိပြုထားပြီး ၊ နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်စေရန် e-commerce platform များနှင့်  ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများသို့လည်း တိုက်တွန်းထားပါသည်။

တရုတ်အမြန်ချောပို့လုပ်ငန်းများက ယခုနှစ်အတွင်း ချောထုပ်ပေါင်း (၁၀) ဘီလီယံ အား ရက်ပေါင်း (၃၈) ရက်အတွင်း စံချိန်တင်သစ်၍ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။  ၎င်းအချိန်မှာ အလားတူချောထုပ်ပမာဏအာ (၂၀၂၀)ခုနှစ်အတွင်း ပို့ဆောင်ပေးနိုင်ခဲ့သည့် ရက်ပေါင်း(၈၀)နှင့် (၂၀၁၉) ခုနှစ်အတွင်း ပို့ဆောင်ပေးနိုင်ခဲ့သည့် ရက်ပေါင်း (၇၉) ရက်တို့ထက် ပိုမိုတိုတောင်း လာခြင်းဖြစ်ပါသည်။

ယခုနှစ်တွင် တရုတ်အမြန်ချောပို့ကဏ္ဍအနေဖြင့် ယခင်နှစ်ကထက် (၁၅) ရာခိုင်နှုန်း ပိုမို၍ ချောထုပ်(၉၅.၅) ဘီလီယံကို ပို့ဆောင်ပေးရမည်ဟု ဗျူရိုက ဇန်နဝါရီလအတွင်း မျှော်မှန်း ထားပါသည်။

ရင်းမြစ်၊ Xinhuanet.com (၁၅-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading