ပြည်ပသတင်းများ

စိုက်ပျိုးရေးလုပ်ငန်းများအတွက် Federal Saving Bank မှ ချေးငွေ ဘရာဇီးလ်ဟဲရာ ၁၂ ဘီလီယံ ထုတ်ချေး

၂၀၂၁ – ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် သီးနှံရိတ်သိမ်းမှု၏ အစောပိုင်းကုန်ကျစရိတ် များအတွက် စိုက်ပျိုးစရိတ်ချေးငွေထောက်ပံ့မှုကို ဘရာဇီးလ်ဟဲရာ ၁၂ ဘီလီယံအထိ တိုးမြှင့် ထားကြောင်း Federal Saving Bank က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းထုတ်ပြန် ချက်အား စိုက်ပျိုးရေးဝန်ကြီး Tereza Cristina နှင့် Federal Saving Bank ဥက္ကဋ္ဌ Pedro Guimarães တို့၏ အွန်လိုင်းဖြင့်ပြုလုပ်သည့် ဆွေးနွေးပွဲအခမ်းအနားတွင် ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ချေးမည့် ဘရာဇီးလ်ဟဲရာ ၁၂ ဘီလီယံတွင်စိုက်ပျိုးစရိတ်အတွက် ဟဲရာ ၈ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဟဲရာ ၄ ဘီလီယံတို့ဖြင့် သတ်မှတ်ထုတ်ချေး ပေးသွားမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလဆန်းပိုင်းတွင်  ချေးငွေဟဲရာ ၁၂ ဘီလီယံအား လုပ်ငန်းရှင်များလက်သို့ ရောက်ရှိလိမ့်မည်ဖြစ်ပြီး ထပ်မံချေးယူလိုမှုများရှိပါက ဟဲရာ ၁၆ ဘီလီယံ အထိ ထုတ်ချေးနိုင်ကြောင်း ဘဏ်ဥက္ကဋ္ဌ Guimarães က ပြောကြားခဲ့သည်။

စိုက်ပျိုးစရိတ်များနှင့် ပတ်သက်၍ ချေးငွေထုတ်ချေးရာတွင် တစ်နိုင်တစ်ပိုင် မိသားစု စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် တစ်နှစ်လျင်အတိုးနှုန်း ၂.၇၅ ရာခိုင်နှုန်း၊ အလယ် အလတ် ကျေးလက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၄ ရာခိုင်နှုန်းနှင့် အခြားလုပ်ငန်းရှင်များအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၅ ရာခိုင်နှုန်း အသီးသီး ဖြင့် သတ်မှတ်ထားသည်။ ပဲပုတ်၊ ပြောင်း၊ ဝါဂွမ်း၊ ဆန်၊ ပဲအမျိုးမျိုး၊ ပီလောပီနံနှင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခင်ကာလများ၌ Federal Saving Bank သည် ကျေးလက်အသေးစားလုပ်ငန်းရှင် များအား ချေးငွေထောက်ပံ့မှုနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့သဖြင့် အဆိုပါ အသေးစား လုပ်ငန်းလုပ်ကိုင်သူများကို အလေးထားထောက်ပံ့နိုင်ရန်အတွက် ဒေသငယ်များ တွင် ဘဏ်ခွဲ ၂၁ ခုအထိ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအပေါ် ဖိအားများဖြစ်ပေါ်လျက်ရှိကြောင်း Guimarães က ပြောကြားခဲ့သည်။

ချေးငွေပမာဏကို ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ထုတ်ချေးခဲ့သည့်ပမာဏ၏ ၁၀ ဆခန့်အထိ တိုးမြှင့်ထားပြီး Federal Saving Bank ၏ ဟဲရာဘီလီယံ ၄၀ ချေးငွေအစီအစဉ် သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ချိန်တွင် ပြီးဆုံးမည်ဖြစ်သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် –     Caixa provides R$ 12 billion for agro in the first half, correiobraziliense.com.br

Loading