ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စေ့ရိတ်သိမ်းပြီးစီးမှုသည် စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၄ရာခိုင်နှုန်းသာ ရှိနေပြီး ဒုတိယသီးနှံ စိုက်ပျိုးချိန် နောက်ကျမည်ဖြစ်ကြောင်း စိုက်ပျိုးရေးအကြံပေး ကုမ္ပဏီ AgRural က သတင်းထုတ်ပြန်

၂၀၂၀-၂၀၂၁ ခုနှစ် ပဲပုတ်ရာသီတွင် စုစုပေါင်းပဲပုတ်စိုက်ပျိုး ဧရိယာ၏ ၄ ရာခိုင်နှုန်းသာ ရိတ်သိမ်းပြီးစီးခဲ့သော ယခင်အပတ်ကတည်းက ရပ်နားထားသည့် ပဲပုတ်စေ့ရိတ်သိမ်းမှုကို ရာသီဥတုကောင်းမွန်လာသည့်အတွက် ပြန်လည်လုပ်ဆောင်လျက်ရှိကြောင်း စိုက်ပျိုးရေး အကြံပေးကုမ္ပဏီ AgRural က ပြောကြားခဲ့သည်။ ယခင်ရက်သတ္တပတ်အထိတွင် ရိတ်သိမ်း ပြီးစီးမှုမှာ စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၂ ရာခိုင်နှုန်းသာရှိခဲ့သည်။

ရိတ်သိမ်းပြီးစီးမှုအား ၂၀၁၀-၂၀၁၁ ခုနှစ်မှ ယနေ့ကာလအတွင်း နှိုင်းယှဉ်ကြည့်ပါက အနည်းဆုံးပမာဏ ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ၏‌တောင်ပိုင်းရှိ Rio Grande do Sul တွင် သီးနှံအတွက် လိုအပ်သော မိုးရေချိန် ကို ရရှိခဲ့သည်။ သို့ရာတွင် Paranáနှင့် Santa Catarina ပြည်နယ်များတွင် မိုးရွာခြင်းနှင့် ဆီးနှင်းများ ကျရောက်နေမှုတို့ကြောင့် သီးနှံရိတ်သိမ်းရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

ယခင်နှစ်စိုက်ပျိုးရေးရာသီတွင် မိုးခေါင်ခဲ့သည့်အတွက် နိုင်ငံ၏တောင်ပိုင်းတွင် သီးနှံ အရည်အသွေးကျဆင်းမှုများဖြစ်ပေါ်လျက်ရှိရာ စက်တင်ဘာလအတွင်း စိုက်ပျိုးမှုများ မစတင်ရန် အကြံပြုပြောကြားချက်များ ထွက်ပေါ်လျက်ရှိသည်။

လာမည့်ရက်အနည်းငယ်အတွင်း ခြောက်သွေ့သော ရာသီဥတု ဖြစ်ပေါ်နိုင်ရန် မိုးလေဝသဌာနမှ ခန့်မှန်းထားသဖြင့် ရိတ်သိမ်းမှုများကို ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း အကြံပေးကုမ္ပဏီက သတင်းဌာနသို့ပြောကြားခဲ့သည်။ ထို့အပြင် Minas Gerais၊  Goiás၊ Matopiba ပြည်နယ်များအပါအဝင် Maranhão၊  Tocantins၊ Piauíနှင့် Bahia ပြည်နယ်များတွင်လည်း ပုံမှန်မိုးရွာသွန်းမှုအောက်သို့ ရောက်ရှိနိုင်ကြောင်း ကုမ္ပဏီကသတိပေး ထားသည်။

အချို့ပဲပုတ်စိုက်ခင်းများသည် ရိတ်သိမ်းရန် အဆင်သင့်ဖြစ်လျက်ရှိပြီး ဒုတိယသီးနှံ အဖြစ် ဝါကို စိုက်ပျိုးရန် Mato Grosso ပြည်နယ်ရှိတောင်သူများက စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ဒုတိယသီးနှံအတွက် ပုံမှန်စိုက်ပျိုးချိန်သည် ဖေဖော်ဝါရိလ ၄ ရက်နေ့ဖြစ်ပြီး ဘရာဇီးလ် နိုင်ငံတောင်ဘက်အလယ်ပိုင်းတွင် စုစုပေါင်းစိုက်ပျိုးဧရိယာ၏ ၃.၄ ရာခိုင်နှုန်းကို စိုက်ပျိုးခဲ့ပြီး ဖြစ်သည်။ ရာသီဥတုအခြေအနေကြောင့် သီးနှံစိုက်ပျိုးချိန်နောက်ကျလျက်ရှိပြီး ယခင်နှစ် စိုက်ပျိုးပြီးစီးမှု၏ ၂၃ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း အကြံပေးကုမ္ပဏီက ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

သတင်းရင်းမြစ်Brazil’s soybean harvest reaches 4% of the area and delay persists, says AgRural, www.noticiasagricolas.com.br

Loading