ပြည်ပသတင်းများ

အိန္ဒိယနိုင်ငံ၌ စားအုန်းဆီကြမ်းအပေါ် သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံမည်

ကမ္ဘာ့ပေါ်၌ ဟင်းသီးဟင်းရွက်စားသုံးဆီများအား အများဆုံး တင်သွင်းသည့် အိန္ဒိယ နိုင်ငံတွင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုတိုးတက်ရေးကို တွန်းအားပေးမြှင့်တင်ရန်အတွက် စားအုန်းဆီကြမ်းများတင်သွင်းမှုအပေါ် ၂-၂-၂၀၂၁ နေ့မှစတင်၍ အခွန်တိုးမြှင့်ကောက်ခံမည် ဖြစ်ပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး၏ ၁-၂-၂၀၂၁ နေ့၌ ပြောကြားသည့် ၂၀၂၁-၂၂ ခုနှစ် ဘဏ္ဍာ ငွေအရအသုံး မိန့်ခွန်းအရ လက်ရှိကာလ၌ စားအုန်းဆီကြမ်းတင်သွင်းမှုအပေါ် သတ်မှတ်ထား သည့် အခြေခံအကောက်ခွန်နှုန်း ၂၇.၅% မှ ၁၅% သို့ လျော့ချမည်ဖြစ်သော်လည်း စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (AIDC) ၁၇.၅% ကို သီးခြား ကောက်ခံမည်ဖြစ်ရာ သွင်းကုန်အပေါ် အသားတင်အခွန် ၅% တိုးမြင့်လာကြောင်း သိရှိရသည်။

မွန်ဘိုင်းမြို့အခြေစိုက် ဆီကြိတ်လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. B.V. Mehta က စားအုန်းဆီကြမ်းတင်သွင်းမှုမှာ အခြားသော အခကြေးငွေများအပါအဝင် အခွန်အခစုစုပေါင်း ၃၀.၂၅% ရှိရာမှ ယခုအခါ ၃၅.၇၅% သို့ မြင့်တက်မည်ဖြစ်ကြောင်း၊ ထိုသို့ အခွန်တိုးမြှင့်မှုသည် ပဲပုတ်ဆီနှင့် နေကြာဆီတို့အပေါ် ကောက်ခံသည့် သွင်းကုန်အခွန်နှုန်းထား နှင့် နှိုင်းယှဉ်ပါက ကွာဟချက်ကျဉ်းမြောင်းမှုကို ဖြစ်ပေါ်စေပြီး စားသုံးဆီများတင်သွင်းရာ၌ စားအုန်းဆီကြမ်း၏ ကြီးမားသည့်အားသာချက်ကို ကျဆင်းစေကြောင်း ပြောဆိုပါသည်။

အိန္ဒိယအစိုးရသည် ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် အခြေခံအကောက် ခွန်နှုန်း ၃၅% သတ်မှတ်ထားရာမှ ယခု ၁၅% သို့ လျော့ချလျက် AIDC ထပ်ဆောင်းအခွန်ကို ၂၀% သတ်မှတ်ခဲ့ရာ သွင်းကုန်အပေါ် အခွန်ကောက်ခံသည့်ပမာဏ ပြောင်းလဲမှုမရှိကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယကုန်သည်များအနေဖြင့် ယခင်ကစားအုန်းဆီကြမ်း တင်သွင်းရာတွင် အခွန်ပေးဆောင်ရမှုမှာ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့ထက် ၈.၂၅% သက်သာမှုရှိခဲ့ သော်လည်း ယခုအခါ ၂.၇၅% မျှသာ ကွာခြားမှုရှိမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် စားအုန်းဆီအား အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ထံမှလည်း ကောင်း၊ ပဲပုတ်ဆီနှင့် နေကြာဆီအပါအဝင် အခြားသော စားသုံးဆီများအား အာဂျင်တီးနား၊ ဘရာဇီး၊ ယူကရိန်းနှင့် ရုရှားစသည့်နိုင်ငံများထံမှလည်းကောင်း ဝယ်ယူတင်သွင်းလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း၌ အိန္ဒိယအစိုးရက စားအုန်းဆီကြမ်းတင်သွင်းမှုအပေါ် အကောက်ခွန်ကို ၂၇.၅% သို့ လျော့ချပေးခဲ့ရာ တင်သွင်းမှုသိသာစွာ တိုးတက်လာခဲ့သည်။ အိန္ဒိယအစိုးရ၏ အကောက်ခွန်နှုန်း ပြန်လည်တိုးမြှင့်မှုက စားအုန်းဆီကြမ်းအမြောက်အမြား ထုတ်လုပ် တင်ပို့သည့်မလေးရှားနိုင်ငံ စားအုန်းဆီဈေးကွက်အပေါ် ပိုမိုသက်ရောက်ထိခိုက်နိုင် ဖွယ်ရာရှိသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1.   Budget 2021-2022 Speech of Nirmala Sitharaman, Minister of Finance, 1 FEB 2021, Ministry of Finance of India

  1. India’s tax increase on crude palm oil imports could reduce shipments, 2 FEB 2021, Economic Times

Loading