ပြည်ပသတင်းများ

အိန္ဒိယနိုင်ငံ၌ အကောက်ခွန်စနစ်အား ပြုပြင်ပြောင်းလဲမည်

ပြည်ထောင်စု၏ ၂၀၂၁-၂၂ ခုနှစ် ဘဏ္ဍာငွေအရအသုံး အစီအစဉ်အား ၁-၂-၂၀၂၁ နေ့၌ ထုတ်ပြန်ရာတွင်အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharamanက ပြည်တွင်း ကုန်ထုတ် လုပ်မှုကို မြှင့်တင်ရန်နှင့် ပို့ကုန်ကဏ္ဍတိုးတက်လျက် အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွင်းဆက်၌ ပါဝင်မှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် အကောက်ခွန်ဆိုင်ရာ မူဝါဒကို ဆန်းစစ်သုံးသပ်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ယခင်နှစ်ကစ၍ အကောက်ခွန် စနစ်အား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာ ခေတ်နှင့်လျော်ညီမှုမရှိတော့သည့်အကောက် ခွန်ကင်းလွတ်သက်သာခွင့် အမျိုးအမည်ပေါင်း ၈၀ ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ထိုသို့သက်သာခွင့်ပေးထားခဲ့သည့် ကုန်စည်အမယ် ၄၀၀ ကျော်ကိုလည်း ယခုလာမည့်နှစ်အတွင်း သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ၁-၁၀-၂၀၂၁ နေ့မှစ၍ပြန်လည်ပြင်ဆင်ထားသည့် အကောက်ခွန် စနစ် ဖွဲ့စည်းပုံဖြင့် လုပ်ငန်းများအား ထိခိုက်မှုမဖြစ်စေပဲ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်သစ်တွင် မည်သည့်အကောက်ခွန်သက်သာခွင့်မဆို စတင်ထုတ်ပြန်သည့်နေ့မှ မတ်လ ၃၁ ရက်နေ့၌ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ် ၂ နှစ်အထိသာ တရားဝင်သက်တမ်းရှိမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ၁၉၆၂ ခုနှစ် အကောက်ခွန်အက် ဥပဒေပါ ကုန်သွယ်မှုချောမွေ့စေရေးနှင့် တာဝန်ခံမှုဆိုင်ရာပြဋ္ဌာန်းချက်များ၊ ၁၉၇၅ ခုနှစ် အကောက်ခွန်စည်းကြပ်မှုနှုန်း အက်ဥပဒေပါ ပထမအစီအစဉ်၊ တန်ပြန်စုပုံအခွန်၊ တန်ပြန် အကောက်ခွန်နှင့် ပြည်တွင်းလုပ်ငန်းများသို့ အကာအကွယ်ပေးမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ၁၉၄၄ ခုနှစ် ယစ်မျိုးခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ၂၀၁၇ ခုနှစ် အကောက်ခွန်နည်း ဥပဒေပါ ကုန်သွယ်မှုချောမွေ့စေရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး၏ ၁-၂-၂၀၂၁ နေ့ ဘဏ္ဍာငွေအရအသုံးမိန့်ခွန်း၌ တောင်သူ လယ်သမားများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း လုပ်ငန်းရှင်များအတွက် တန်းတူညီမျှစွာ လုပ်ကိုင်နိုင်မှုကို ဖန်တီးရန်အလို့ငှာ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ဓာတုပစ္စည်းများ၊ ပလတ်စတစ်၊ သားရေထည်၊ ကျောက်မျက်၊ သတ္တုတွင်းထွက် ထုတ်ကုန်၊ ယာဉ်စက်ပစ္စည်းနှင့် အီလက်ထရွန်းနစ်ထုတ်ကုန်များအပါအဝင် ကုန်စည်အမျိုး အမည် ၃၂ ခုအပေါ် အခြေခံအကောက်ခွန်နှုန်းများအား တိုးမြှင့်ကြောင်း၊ ထို့အပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အထောက်အပံ့ပြုရန်အတွက် ရေနံဓာတု၊ အထည်အလိပ်၊ ဓာတ်သတ္တု၊ လေကြောင်းပို့ဆောင်မှုနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းဆိုင်ရာ ကုန်ကြမ်းပစ္စည်းအမျိုး ၂၀ တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများလျော့ချကြောင်း၊ စိုက်ပျိုးရေးအခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (Agriculture Infrastructure and Development Cess) ကို သီးခြားကောက်ခံမှုနှင့်အတူအချို့သော စိုက်ပျိုးရေးသွင်းအားစုကုန်ကြမ်းများနှင့် သီးနှံများအပေါ် အခြေခံအကောက်ခွန်နှုန်းများ လျော့ချမှုပြုကြောင်း၊ ယခုအကောက်ခွန်နှုန်း ထားများ ပြင်ဆင်ချက်သည် ၂-၂-၂၀၂၁ နေ့မှစတင်၍ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြ ပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1.   Budget 2021-2022 Speech of Nirmala Sitharaman, Minister of Finance, 1 FEB 2021, Ministry of Finance of India

  1. The Finance Bill 2021, 1 FEB 2021, Ministry of Finance of India

Loading