ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက်လယ်ယာထွက်ကုန် ရောင်းဝယ်မှုအခြေအနေ

အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ အစေ့ ထုတ်ပြောင်း လိုအပ်ချက်ရှိခြင်းနှင့် ဝယ်ယူရန် ကမ်းလှမ်းမှုများရှိခဲ့ခြင်း၊ မြဝတီဝယ်လက်များမှ ဝယ်ယူမှုများခြင်း၊ ထိုင်းနယ်စပ်သို့ တင်ပို့မှုရှိခြင်း၊ ပြည်တွင်းအစာစပ်လုပ်ငန်းများမှ ပုံမှန် ဝယ်ယူမှုရှိခြင်းတို့ကြောင့့်် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း အမြင့်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းမှာ အစေ့ထုတ် ပြောင်း (၅၄) ပိဿာလျှင် (၂၇,၅၄၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ(သင်္ဘောတင်)နှင့် ပဲစင်းငုံ (သင်္ဘောတင်) မှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ ဝယ်လိုအားနည်းခြင်း၊ ပဲသစ်အချို့ကိုသာ ဝယ်ယူမှုရှိခဲ့ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ သယ်ယူချိန်ဖြစ်ခြင်းကြောင့် ကုန်သေတ္တာများ ရှားပါးကာ သယ်ယူ စရိတ် မြင့်လာချိန်ဖြစ်ခြင်း၊ ပြည်တွင်း၊ ပြည်ပမှ အရောင်းအဝယ်ဖြစ်မှုနည်းခြင်းတို့ကြောင့်   မြန်မာမတ်ပဲနှင့် ပဲစင်းငုံများ ယခင်တစ်ပတ်ထက် ဈေးနိမ့်လာခဲ့ကြောင်း သိရှိရပါသည်။ မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၉၄၂,၀၀၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ် ဈေးနှုန်းမှာ (၉၂၂,၅၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၈၂၅,၀၀၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၈၁၂,၅၀၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင် ဖွင့်ရက် (၆) ရက်ရှိခဲ့ပြီး ပြည်ပဝယ်လက်များမှ ဝယ်ယူမှုနည်းခဲ့ခြင်းကြောင့်  ပင်လယ်ရေကြောင်းမှတဆင့် မတ်ပဲ (သ‌ေင်္ဘာတင်) အရောင်းအဝယ်ဖြစ်မှုမရှိခဲ့ပဲ ပဲစင်းငုံ ကုန်သေတ္တာ (၅) လုံးခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲတီရွှေဝါမှာ  ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ပဲဝင်ရောက်မှုနည်းခြင်း၊  တရုတ်ဝယ်လက်များမှ ပုံမှန် ဝယ်ယူမှုရှိခြင်းတို့ကြောင့်  ယခင် တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။  ယခင်တစ်ပတ် ဈေးနှုန်းမှာ (၃)တင်း/ (၆၀) ပိဿာတစ်အိတ်လျှင် (၁၃၇,၄၀၀) ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် ဈေးနှုန်းမှာ  (၁၃၉,၀၅၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ ကုလားပဲမှာ ပြည်တွင်း၊ ပြည်ပမှ အရောင်းအဝယ်အေးခြင်း၊ ပဲသစ် အဝင်လှိုင်ခြင်း၊ ပြည်တွင်း ပဲခွဲစက်များမှ  အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခင်တစ်ပတ် ထက် ဈေးနိမ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် (၁) ပိဿာလျှင် (၁,၄၅၀) ကျပ် ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၁,၄၄၃) ကျပ်ဖြစ်ကြောင်း သိရှိရ ပါသည်။

စားဖိုဆောင်သီးနှံ ဈေးကွက်တွင်  ကြက်သွန်နီ (ထူး၊ လတ်၊ သေး) မှာ မိုးကြက်သွန်နီ အသစ်များသာ ဈေးကွက်သို့ အဝင်ရှိလာခြင်း၊ မြစ်သားကြက်သွန်နီအသစ်များ အရည်အသွေး ကောင်းခြင်း၊ အလတ်စ အသေးစများအား တရုတ်နှင့် ထိုင်းနယ်စပ်ဂိတ်များသို့ တင်ပို့မှုရှိခြင်း တို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ်အတွင်း ကြက်သွန်နီ ၁ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ၄၀၀-၄၆၃-၄၁၃ ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် အတွင်း ကြက်သွန်နီ ၁ ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းများမှာ ၅၁၃-၅၅၀-၅၂၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဟောင်းလက်ကျန်နည်းခြင်းနှင့် ပစ္စည်းအလှရှားခြင်း၊ ကုန်အဝင်နည်းခြင်းတို့ကြောင့်လည်းကောင်း ကြက်သွန်ဖြူ (ကြူကုတ်) မှာ တရုတ်နှစ်ကူးနီး လာချိန်ဖြစ်၍ တရုတ်ကုန်စည်များ ကုန်အဝင်နည်းခြင်းကြောင့်လည်းကောင်း ယခင်တစ်ပတ် ပျမ်းမျှဈေးနှုန်းများထက် ၁ ပိဿာလျှင်  (၃၀၀) ကျပ်ဝန်းကျင် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

                                                                                                  (ဒေါ်အေးသန္တာဝင်း၊ ရန်ကုန်ဈေးကွက်)

Loading