ပြည်ပသတင်းများ

ကြက်သွန်နီနှင့် ပဲမျိုးစုံ အရန်ဝယ်ယူထားရှိရန် အိန္ဒိယ အစိုးရက ရန်ပုံငွေချမှတ်ခြင်း

အိန္ဒိယနိုင်ငံအစိုးရသည် ဧပြီလ ၁ ရက်နေ့မှစတင်မည့် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးအစီအစဉ်ကို ထုတ်ပြန်ခဲ့ရာတွင် ကြက်သွန်နီနှင့် ပဲမျိုးစုံအပါအဝင် အခြေခံ စားသောက်ကုန်များအား အရန်ဝယ်ယူထားရှိရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေ (PSF) ကို ရူပီး ၂၇ ဘီလီယံခွဲဝေချထားကြောင်း သိရှိရပါသည်။

အိန္ဒိယအစိုးရသည် ယခင်နှစ်၌ အဆိုပါရန်ပုံငွေအား ရူပီး ၂၀ ဘီလီယံသာ လျာထား သတ်မှတ်ခဲ့ရာ ယခုနှစ်လျာထားချက်မှာ ၃၅% ခန့် တိုးမြှင့်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်၌ PSF ရန်ပုံငွေခေါင်းစဉ်အောက်မှ အမှန်တကယ်သုံးစွဲမှုမှာ ရူပီးငွေ ၁၁၈ ဘီလီယံ ရှိ၍ ၇၇% လျော့ကျမှုရှိသည်ဟု ဆိုနိုင်ကြောင်း၊ ဝန်ကြီးချုပ်၏ ဆင်းရဲနွမ်းပါးသူများ သက်သာ ချောင်ချိရေး အစီအစဉ်အရ Covid-19 ကပ်ရောဂါကာလအတွင်း ဝင်ငွေနည်းပါသည့် ပြည်သူ လူထုသန်း ၂၀၀ သို့ ပဲမျိုးစုံ အခမဲ့ပေးဝေခြင်း၊ ကြက်သွန်နီတန်ချိန် ၉၉၀၀၀ ကို အရန်ဝယ်ယူ သိုလှောင်ခြင်းတို့က လျာထားချက်ထက် ပိုမိုသုံးစွဲမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ရှေ့လာမည့်နှစ် အတွက် ကြက်သွန်နီအရန်ဝယ်ယူမှုကို ၅၀% တိုးမြှင့်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း၊ ဝယ်ယူရေးလုပ်ငန်းများကို ဆောင်းကြက်သွန်နီ ရိတ်သိမ်းထွက်ရှိသော မတ်၊ ဧပြီလများတွင် စတင်မည်ဖြစ်ကြောင်း၊ လက်ရှိဘဏ္ဍာနှစ်၌ အရန်ဝယ်ယူထားရှိသော ကြက်သွန်နီများအနက် တန်ချိန် ၂၅၀၀၀ ခန့်မှာ စိုထိုင်းဆမြင့်တက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အရန်ပဲမျိုးစုံအား တန်ချိန် သိန်း ၂၀ ဝယ်ယူထားရှိရန်အတွက် အဆိုပါ PSF ရန်ပုံငွေမှပင် သုံးစွဲမည်ဖြစ်ကြောင်း စသည်ဖြင့် အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦး၏ ပြောဆိုချက်အား Economic Times သတင်း ဌာနက ဖော်ပြပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   Budget impact: Focus on building buffer stocks of onions, pulses, 4 FEB 2021, Economic Times

Loading