ပြည်ပသတင်းများ

အိန္ဒိယနိုင်ငံ၌ ဆောင်းသီးနှံများ စံချိန်တင်တိုးချဲ့စိုက်ပျိုး နိုင်ခြင်း

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ စိုက်ပျိုးရေးနှစ်၊ ဆောင်းသီးနှံ ရာသီတွင် ၂၁-၁-၂၀၂၁ နေ့ အထိ နိုင်ငံတစ်ဝန်း၌ သီးနှံဧရိယာဟက်တာပေါင်း ၆၇၅ သိန်း (ဧက ၁၆၆၈ သိန်းခန့်) စိုက်ပျိုး ပြီးစီးရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၈.၇၆ သိန်း ပိုမို၍ တိုးတက်မှု ၂.၈၆% ရရှိပြီး လွတ်လပ်ရေးရရှိခဲ့သည့်နောက်ပိုင်း ဆောင်းသီးနှံစိုက်ဧရိယာအများဆုံးအဖြစ် စံချိန်သစ်တင်နိုင် ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနရှိ ကောက်ပဲသီးနှံနှင့် ရာသီဥတုစောင့်ကြည့်လေ့လာရေး အဖွဲ့ (Crop Weather Watch Group) က ထုတ်ပြန်သည့်စာရင်းများအရ ဆောင်းသီးနှံရာသီ တွင် ၂၁-၁-၂၀၂၁ နေ့အထိ နိုင်ငံတစ်ဝန်းလုံး၌ ဂျုံစိုက်ဧရိယာဟက်တာ ၃၄၅.၁၄ သိန်းခန့် စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၀.၄၆ သိန်းကျော် ပိုမိုပြီး ၃.၁၃% တိုးတက်ခဲ့ကြောင်း၊ ဆောင်းစပါးစိုက်ပျိုးမှုမှာ ဟက်တာ ၂၉.၉၄ သိန်းရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာ ကို ပြည့်မီခြင်း မရှိသေးသော်လည်း ယခင်နှစ်ကထက် ဟက်တာ ၃.၉၆ သိန်းပိုမိုလျက် တိုးတက်မှု ၁၅.၂၄ % ရရှိထားကြောင်း၊ ပဲမျိုးစုံမှာ ယခင်နှစ်ကာလတူထက် ဟက်တာ ၄.၂၁ သိန်း ပိုမိုလျက် ဧရိယာ‌ဟက်တာ ၁၆၅.၃၄ သိန်းအထိစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ အလားတူ ဆီထွက် သီးနှံများကိုလည်း ဟက်တာ ၄.၂၄ သိန်း ပိုမိုလျက် စုစုပေါင်းဟက်တာ ၈၃.၆ သိန်းကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ သို့ရာတွင် အခြားနှံစားသီးနှံများမှာ ဟက်တာ ၅၀.၉၇ သိန်း စိုက်ပျိုး ပြီးစီးရာ ယခင်နှစ်ကာလတူအောက် ဟက်တာ ၄.၁၁ သိန်းခန့်လျော့နည်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၀-၂၀၂၁ ခုနှစ် ဆောင်းသီးနှံ ပဲမျိုးစုံ၌ အဓိကပါဝင်သည့် ကုလားပဲအား ဧရိယာ ဟက်တာ ၁၁၀.၉၈ သိန်း စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ၄.၄၆ သိန်း ပိုမိုကြောင်း တွေ့ရှိရပါသည်။ ထို့အတူ ပဲရာဇာခေါ်ပဲနီလေး စိုက်ပျိုးပြီးစီးမှု ဧရိယာမှာလည်း ဟက်တာ ၁၆.၅၃ သိန်းဖြစ်ရာ ယခင်နှစ်အလားတူကာလ စိုက်ပျိုးနိုင်မှုထက် ဟက်တာ ၀.၄၃ သိန်း ကျော်လွန် ခဲ့ပြီဖြစ်သည်။ ဆောင်းမတ်ပဲ စိုက်ဧရိယာမှာလည်း ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၅၈ သိန်း ပိုမိုလျက် ဟက်တာ ၇.၉ သိန်း စိုက်ပျိုးထားပြီးဖြစ်သည်။ သို့သော် ပဲပိစပ် (Kulthi)၊ စားတော်ပဲစိမ်း၊ ပဲတီစိမ်းနှင့် ပဲချဉ်ပေါင် (Lathyrus) တို့အား ဟက်တာ ၂၃.၅ သိန်း စိုက်ပျိုးပြီးစီးရာ ယခင်နှစ် ကာလတူအောက် ဟက်တာ ၁.၉၄ သိန်း လျော့နည်းနေဆဲဖြစ်ကြောင်း၊ အခြားသော ဆောင်း ရာသီပဲများအား ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၆၇ သိန်း ပိုမို၍ စုစုပေါင်းဟက်တာ ၆.၄၂ သိန်း စိုက်ပျိုးထားကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရသည် ဆောင်းသီးနှံစိုက်ပျိုးရာသီမတိုင်မီ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ကပင် ဂျုံ၊ ဘာလီဂျုံ၊ ကုလားပဲ၊ ပဲနီလေး၊ ဆီမုံညင်း၊ ဆူးပန်းစေ့ စသည့်သီးနှံ ၆ မျိုးအတွက် အထောက်အပံ့ပြုမည့် အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price – MSP) များအား မြှင့်တင်ပေးခဲ့သည်။ MSP အစီအစဉ်အား ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အစိုးရ၏ကတိပြု ပြောဆိုမှုက ယခုဆောင်းသီးနှံရာသီ၌ စပါးနှင့် ဂျုံသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရန်တောင်သူများ သို့ တွန်းအားဖြစ်စေခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့ စိုက်ပျိုးရာသီစာရင်း မပိတ်သိမ်းမီ ကာလအတွင်း အထူးသဖြင့် စပါးစိုက်ဧရိယာမှာ ဆက်လက်တိုးတက်လာဖွယ်ရှိကြောင်း၊ ဇန်နဝါရီလ အတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်ထက် ၇၆% ခန့်ပိုမိုခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အဓိက ဆည်တာတမံ ၁၂၈ ခုတွင် ၁၀ နှစ်တာ ပျမ်းမျှပမာဏထက် ၂၂% ပိုမို၍ ရေသိုလှောင်ထားရှိနိုင်သဖြင့် စိုက်ပျိုး ရေအတွက် စိုးရိမ်ရန်မရှိကြောင်း၊ နိုင်ငံ၏ မြောက်ပိုင်းဒေသများ၌ အပူချိန်လျော့နည်းမှုနှင့်အတူ နံနက်ပိုင်း၌ နှင်းကျခြင်းက ဂျုံနှင့် ဆီမုံညင်းစိုက်ခင်းများအတွက် အထောက်အပံ့ဖြစ်စေပြီး ရက်သတ္တပတ်အနည်းငယ်ကြာအထိ ရာသီဥတုကောင်းမွန်ပါက သီးနှံအထွက် တိုးတက်ရရှိမည် ဟု မျှော်မှန်းထားကြောင်းစသည်ဖြင့် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ၏ ပြောကြားမှုအား Economic Times သတင်းဌာနက ဖော်ပြပါသည်။

နေအေးလွင် ၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1. Rabi sowing touches new record at 67.5 million hectares, 22 JAN 2021, Economic Times

  1. All India crop situation as of 22nd Jan 2021, Department of Agriculture, Cooperation & Farmers Welfare of India

Loading