ပြည်တွင်းသတင်းများ

“Current Trends in University of Veterinary Science” ခေါင်းစဉ်ဖြင့် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် လစဉ်မူဝါဒဆွေးနွေးပွဲ ဆိုင်ရာ သတင်းအချက်အလက်များ

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများ အကောင်အထည် ဖော်ဆောင်မှုနှင့် မူဝါဒစိစစ်သုံးသပ်ခြင်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်၊ မူဝါဒ ဆိုင်ရာဗဟုသုတနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒအမြင်ချင်းဖလှယ်နိုင်ရန် ရည်ရွယ်ချက် ဖြင့် ဌာနတွင်းမူဝါဒဆွေးနွေးပွဲများကို စီမံကိန်းဦးစီးဌာနမှ ဦးဆောင်၍ Covid-19 ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် ဒုတိယ အကြိမ်မြောက် လစဉ်မူဝါဒဆွေးနွေးပွဲကို “Current Trends in University of Veterinary Science”ခေါင်းစဉ်ဖြင့် (၂၁-၁-၂၀၂၁) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီမှ ညနေ (၁၆:၀၀) နာရီ အထိ အစည်းအဝေးခန်းမ (၁) ၊ ရုံးအမှတ် (၁၅) ၌ ကျင်းပပြုလုပ်ခဲ့ပြီး စီမံကိန်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန္တာကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       ဆက်လက်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ကထိက၊ ဒေါက်တာထွန်းမြင့်မှ “Current Trends in University of Veterinary Science”ခေါင်းစဉ်နှင့်စပ်လျဉ်း၍  မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ သမိုင်းကြောင်း၊ အုပ်ချုပ်မှု၊ ပေးအပ်သော ဘွဲ့အမျိုးအစား များ၊ နှစ်အလိုက်သင်ကြားသော ဘာသာရပ်များ၊ သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေမှုများ၊ ကျောင်းသားများ ဘွဲ့ရပြီးပါက ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာသင်များစေလွှတ်မှု အခြေအနေများ၊ Covid-19 ကာလအတွင်း ကြုံတွေ့ရသည့်အခက် အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

၃။      ဒုတိယအကြိမ်မြောက်လစဉ်မူဝါဒဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ အပါအဝင် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှအရာရှိများ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

၄။      ဒုတိယအကြိမ်မြောက်လစဉ်မူဝါဒဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနအသီးသီးမှ ကိုယ်စားလှယ်များကလည်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အဓိကမောင်းနှင်အား ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား ညနေ (၄:၀၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။

Loading