ပြည်ပသတင်းများ

ဂျပန်နိုင်ငံမှ ဟောင်ကောင်၊ တရုတ်ပြည်မကြီးနှင့် အမေရိကန် နိုင်ငံတို့သို့ ပို့ကုန်တင်ပို့သွားမည့်အစီအစဉ်

ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်တန်ဖိုးယမ်း (၂) ထရီလီယံ (ဟောင်ကောင် ဒေါ်လာ ၁၄၉ ဘီလီယံ) တင်ပို့နိုင်ရန် ရေးဆွဲထားသော စီမံကိန်းတွင် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော Wagyu အမျိုးအစား အမဲသားနှင့် စိုက်ပျိုးရေး၊ သား၊ ငါးနှင့် သစ်တော ထွက်ပစ္စည်းများလည်း ပါဝင်ကြောင်း၊ သစ်သီးဝလံတွင် ပန်းသီးနှင့် ရေထွက်ကုန်ပစ္စည်း ပင်လယ်စာများတွင် Yellowtail ငါးအမျိုးအစားနှင့် Scallops (ခုံးကောင်) တို့ တင်ပို့ရန် ပါဝင် ကြောင်း၊ ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ အဓိကလိုအပ်သည့် အမျိုးအစားများကို ရွေးချယ် တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Yosihide Suga ကလည်း တင်ပို့မည့် နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြည့်မီနိုင်ရန် သက်ဆိုင်ရာကုန်ပစ္စည်းထုတ်လုပ်မည့် နေရာကို ဖွံ့ဖြိုးတိုးတက်ရန်လည်း လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အမဲသား တင်ပို့မှုအား ၂၀၁၉ ခုနှစ်တွင် ယမ်း(၂၉.၇) ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် ယမ်း (၁၆၀) ဘီလီယံအထိ တိုးမြှင့်တင်ပို့ရန် စီစဉ်ထားရာ ဟောင်ကောင်၊ ထိုင်ဝမ်၊ အမေရိကန်နှင့် ဥရောပအဖွဲ့ဝင်နိုင်ငံများ သို့ အဓိကထား တင်ပို့ရန် မျှော်မှန်းထားကြောင်း၊ Wagyu အမျိုးအစားအမဲသားကို ပိုမိုလူသိများ လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Associated Press က “HK, mainland and US targeted in farm export plan” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါသည်။

အဆိုပါ သတင်းတွင် Yellowtail ငါးအမျိုးအစား တင်ပို့မှုကို ၂၀၁၉ ခုနှစ်တွင် ယမ်း (၂၂.၉) ဘီလီယံတင်ပို့ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယမ်း (၅၄.၂) ဘီလီယံအထိ တင်ပို့သွားရန် စီစဉ် ထားရာ အမေရိကန်၊ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒေသတို့သို့ အများအပြား တင်ပို့သွား မည်ဖြစ်ကြောင်း၊ လက်ဖက်တင်ပို့မှုတွင် ယမ်း (၁၄.၆) ဘီလီယံမှ (၃၁.၂) ဘီလီယံအထိလည်း ကောင်း၊ ပန်းသီးတင်ပို့မှုတွင် ယမ်း (၁၄.၅) ဘီလီယံမှ (၁၇.၇) ဘီလီယံအထိလည်းကောင်း၊ အဖျော်ယမကာ Sake တင်ပို့မှုအား ယမ်း (၂၃.၄) ဘီလီယံမှ (၆၀) ဘီလီယံအထိလည်းကောင်း အသီးသီးတိုးမြှင့် တင်ပို့နိုင်ရန် အစီအစဉ်ရေးဆွဲထားကြောင်းနှင့် ဂျပန်နိုင်ငံ၌ အသက်အရွယ်ကြီး သူ များပြားလာရာ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအတွက် ပြည်တွင်းဝယ်လိုအား လျော့နည်း လာသောကြောင့် ပြည်ပသို့တင်ပို့နိုင်ရန် စိုက်ပျိုးရေးကဏ္ဍဖြင့် ပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေါ်အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading