ပြည်ပသတင်းများ

AstraZeneca ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဗြိတိန် နိုင်ငံက ပထမဆုံးအတည်ပြုခဲ့ခြင်း

ဗြိတိန်နိုင်ငံသည် AstraZeneca နှင့် Oxford တို့၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အား ၃၀-၁၂-၂၀၂၀ နေ့တွင် ကမ္ဘာ့ပထမဆုံးအတည်ပြုသည့် နိုင်ငံဖြစ်လာခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံ အနေဖြင့် AstraZeneca နှင့် Oxford တို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း (၁၀၀) ကို မှာယူထားပြီးဖြစ်ကြောင်းနှင့် ယင်းအတွက် လိုအပ်သည့်စီမံမှုများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသည်  Pfizer-BioNTech မှ ထုတ်လုပ်သည့် ကိုဗစ် ကာကွယ်ဆေးကိုလည်း ပထမဆုံးအနေဖြင့် အတည်ပြုခဲ့သည့်နိုင်ငံဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည့် အခြေအနေ ကြောင့် ယခုအတည်ပြုခဲ့သည့် Oxford-AstraZeneca ကာကွယ်ဆေးကို ပထမအသုတ်အနေဖြင့် ၄-၁-၂၀၂၁ တွင် စတင်ထိုးနှံသွားမည်ဖြစ်သည်။  ဗြိတိန်နိုင်ငံသည် ၎င်းကာကွယ်ဆေး အလုံးရေ သန်း (၁၀၀) ကို မှာယူထားပြီးဖြစ်ရာ ယခင်မှာယူထားသည့် Pfizer-BioNTech ကာကွယ်ဆေး အရေအတွက်နှင့် ပေါင်းလိုက်လျှင် ဗြိတိန်နိုင်ငံ၏ လူဦးရေအားလုံးကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရေးဌာနများအနေဖြင့် လာမည့်ရက်သတ္တပတ်မှစတင်၍ လာရောက်ထိုးနှံ ကြရန် စတင်ဖိတ်ခေါ်လျက်ရှိကြောင်းသိရသည်။

ဦးစားပေးအုပ်စုများအဖြစ် စောင့်ရှောက်ရေးဂေဟာများရှိ သက်ကြီးရွယ်အိုများ၊ အသက် (၈၀) နှင့်အထက် ပုဂ္ဂိုလ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများကို သတ်မှတ် ထားပြီးဖြစ်သည်။ Oxford-AstraZeneca ကာကွယ်ဆေးကို (၂) ကြိမ်အပြည့် ထိုးနှံသွားရန် ဗြိတိန်နိုင်ငံ၏ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များဆိုင်ရာအေဂျင်စီ (The Medicines and Healthcare products Regulatory Agency (MHRA)) က ခွင့်ပြုထားပြီး ဖြစ်ကြောင်းနှင့် ပထမအကြိမ်ထိုးနှံပြီး နောက်ရက်သတ္တပတ် (၄) ပတ်မှ (၁၂) ပတ်အတွင်း ဒုတိယအကြိမ် ထိုးနှံခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ Pfizer-BioNTech ကာကွယ် ဆေးထိုးနှံမှုကို စတင်ခဲ့ပြီးဖြစ်ရာ ရက်သတ္တပတ် (၃) ပတ်အကြာတွင် ဒုတိယအကြိမ် ထိုးနှံ သွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ရင်းမြစ် –   (NewEurope ၊ BBC)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading