ပြည်ပသတင်းများ

ဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ်ပျံ့နှံ့မှု ကြောင့် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အီးယူ စတင်ခဲ့ခြင်း

အီးယူအဖွဲ့ဝင်နိုင်ငံများ၌ ဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ် ပျံ့နှံ့မှုကြောင့် အီးယူသည် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်များကို စတင်ခဲ့ကြောင်းသိရပါသည်။ ဥရောပ ကော်မရှင်က Pfizer-BioNTech ကာကွယ်ဆေးကို ၂၁-၁၂-၂၀၂၀ နေ့တွင် အတည်ပြုခဲ့ပြီးနောက်  အီးယူအဖွဲ့ဝင် (၂၇) နိုင်ငံအတွက် ကာကွယ်ဆေးများ ထိုးနှံခြင်းအစီအစဉ်ကို ၂၇-၁၂-၂၀၂၀ နေ့ တွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များကို စတင်ခဲ့ပြီးနောက် ရက်သတ္တပတ်အကြာတွင် အီးယူ အနေဖြင့် ၎င်း၏ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ဆေးစတင်ထိုးနှံမည့် နေ့ရက်ကို သဘော တူညီထားကြပြီး၊ ဂျာမနီ၊ ဟန်ဂေရီစသည့်နိုင်ငံတို့သည် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်း များကို ၂၆-၁၂-၂၀၂၀ နေ့တွင် သက်ကြီးရွယ်အိုများတွင် ထိုးနှံခြင်းဖြင့် စတင်ခဲ့ကြပါသည်။ အီတလီနှင့် ပေါ်တူဂီနိုင်ငံတို့သည် ကျန်းမာရေးဝန်ထမ်းများကို ၂၇-၁၂-၂၀၂၀ နေ့တွင် ကာကွယ် ဆေး စတင်ထိုးနှံခဲ့ပြီး၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာ များတွင် စတင်ထိုးနှံခဲ့ကြပါသည်။

BioNTech ကာကွယ်ဆေးသည် ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲသစ်အတွက် ထိရောက်မှု ရှိ/မရှိနှင့်ပတ်သက်၍လည်း ၎င်းကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် ဥရောပဆေးဝါးဆိုင်ရာ တာဝန်ရှိ သူများက ထိရောက်မှုရှိနိုင်မည်ဟု အပြုသဘောသုံးသပ်မှုများရှိနေပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံ များအတွက် Pfizer-BioNTech ကာကွယ်ဆေးအလုံးရေ သန်း (၂၀၀) ကို အီးယူတာဝန်ရှိသူ များက မှာယူထားပြီးဖြစ်ပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ လူဦးရေအပေါ်မူတည်၍ အဖွဲ့ဝင် နိုင်ငံများ အားလုံးအတွက် တစ်ချိန်တည်းတွင်ရရှိနိုင်စေရန်အတွက် ကာကွယ်ဆေးအလုံးရေ သန်း (၁၀၀) ရရှိ ထပ်မံမှာယူထား ကြောင်းလည်းသိရသည်။ အစောပိုင်းကာလတွင် ကာကွယ် ဆေးရရှိနိုင်မှုသည် အကန့်အသတ်ရှိနိုင်သော်လည်း တဖြည်းဖြည်းချင်းပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ အီးယူအနေဖြင့် လာမည့်စက်တင်ဘာလလယ်ခန့်တွင် အီးယူအဖွဲ့ဝင်နိုင်ငံများရှိ လူဦးရေ၏ သုံးပုံနှစ်ပုံခန့်အထိ ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ကြောင်း လန်ဒန်အခြေစိုက် သုတေသနကုမ္ပဏီ Airfinity Ltd ၏ လေ့လာမှုအရ သိရှိရပါသည်။

ရင်းမြစ် –   (Euractiv ၊ Bloomberg)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading