ပြည်ပသတင်းများ

အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ဗြိတိန်ခွဲထွက်မှု အလွန် ကုန်သွယ်မှုသဘောတူညီချက် ရရှိခဲ့ခြင်း

အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်မှုသဘောတူညီချက် (post-Brexit trade agreement)  ကို ရရှိခဲ့ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ၂၄-၁၂-၂၀၂၀ နေ့တွင် ကြေညာခဲ့ပြီး၊ အီးယူ-ဗြိတိန် ကုန်သွယ်မှုသဘောတူညီချက် သည် ဥရောပ၏ အကျိုးစီးပွားဖြစ်သကဲ့သို့ ဗြိတိန်နိုင်ငံ၏ အကျိုးစီးပွားလည်းဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံသည် အီးယူအတွက် တတိယနိုင်ငံတစ်နိုင်ငံဖြစ်သွားသော်လည်း တူညီသော တန်ဖိုး စံနှုန်းများနှင့် အကျိုးစီးပွားများကို မျှဝေလျှက် မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း၊ အီးယူနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာဘုံရည်မှန်းချက်များအတွက် အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း  ၎င်းက ပြောကြားခဲ့ပါသည်။

ဥရောပကော်မရှင်၏ ၂၄-၁၂-၂၀၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အီးယူ-ဗြိတိန် ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် ဥရောပ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ မျှတသော ယှဉ်ပြိုင်မှုကို သေချာစေခြင်းနှင့် နှစ်ဦးနှစ်ဘက်အကျိုးရှိမည့် နယ်ပယ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားပါ သည်။  ၎င်းသဘောတူညီချက် (မူကြမ်း) တွင် အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement)၊ နှစ်ဘက်နိုင်ငံသားများ၏ လုံခြုံမှု အတွက် မိတ်ဖက်ပြုမှုနှင့် စီးပွားရေးလုပ်ငန်းများ၊ စားသုံးသူများနှင့် နိုင်ငံသားများ၏ ရပိုင်ခွင့် များ သေချာစေရေးနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဘက်ညီမျှတစွာ ယှဉ်ပြိုင်နိုင်စေရေး အငြင်းပွားမှု ဖြေရှင်းရေးယန္တရားလုပ်ငန်းစဉ်များ စသည်တို့အတွက်  စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ သဘောတူညီခြင်းစသည့် မဏ္ဍိုင် (၃) ရပ် ပါဝင်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဗြိတိန်နိုင်ငံသည် အီးယူတစ်ခုတည်း သော ဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂ၊ အီးယူ၏ မူဝါဒများနှင့် နိုင်ငံတကာသဘောတူညီချက် များမှ ထွက်ခွာမည်ဖြစ်ပြီး၊ အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား လူပုဂ္ဂိုလ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ အရင်းအနှီးများ လွတ်လပ်စွာရွှေ့ပြောင်းသွားလာနိုင်မှုသည် အဆုံးသတ်မည် ဖြစ်ကြောင်း၊  အီးယူနှင့် ဗြိတိန်နိုင်ငံတို့သည် ၎င်းတို့၏ သီးခြားလုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ နှင့်အတူ သီးခြားဈေးကွက် နှစ်ခုအဖြစ်ရပ်တည်ကြမည်ဖြစ်ရာ နှစ်ဘက်အကြား ကုန်စည်နှင့် ဝန်ဆောင်မှုများ ကုန်သွယ်ခြင်း၊ နယ်စပ်ဖြတ်ကျော်သွားလာခြင်းတို့တွင် ယခင်ကနှင့်မတူဘဲ အတားအဆီးများရှိလာမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ အီးယူ-ဗြိတိန်ကုန်သွယ်မှုသဘောတူညီချက်ကို အီးယူအဖွဲ့ဝင် (၂၇) နိုင်ငံမှ သံအမတ်ကြီးများက ၂၈-၁၂-၂၀၂၀ နေ့တွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြပြီး၊ ဗြိတိန် ပါလီမန်က ၃၀-၁၂-၂၀၂၀ နေ့တွင် ယင်းသဘောတူညီချက်ကို အတည်ပြုသွားရန်ရှိကြောင်း၊ အီးယူဘက်တွင် အဆိုပါသဘောတူညီချက်ကို ဥရောပပါလီမန်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သော်လည်း အီးယူ၏ လုပ်ထုံးလုပ်နည်းများအရ သဘောတူညီချက်သည် ယင်းကာလမတိုင်မီတွင် ယာယီအနေဖြင့် အသက်ဝင်နိုင်ကြောင်း သိရှိရပါသည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်၊ ဥရောပကော်မရှင်၊ bbc.com)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading