ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

ဆီထွက်သီးနှံ

မန္တလေးဈေးကွက်တွင် ဆီထွက်သီးနှံမြေပဲ၊ လုံးဆန် (ဆီဆန်) ဈေးနှုန်းအနေဖြင့် အသစ် ဝင်ရောက်မှုရှိခြင်းကြောင့် တရုတ်ဝယ်လက်အသင့်အတင့်ရှိပြီး မျိုးသမားဝယ်ယူမှုရှိသော်လည်း ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးတည်ငြိမ် နေကြောင်း သိရှိရပါသည်။ နှမ်းဖြူမှာ တရုတ် ဝယ်လက်ရှိခြင်း၊ စိုက်ဧကနည်းနည်း အထွက်နည်း၊ အဝင်နည်းခြင်း၊ တရုတ်သို့ တင်ပို့မှုရှိခြင်း၊ အသစ်ဝင်ရောက်မှုနည်းသေးခြင်းတို့ကြောင့် အရောင်းအဝယ်အေးသော်လည်း ဈေးတည်ငြိမ်နေ ကြောင်း သိရှိရပါသည်။ နှမ်းညိုနှင့် နှမ်းနက်မှာ စစ်ကိုင်းတိုင်းမြို့နယ်များမှ နှမ်းညိုနှင့် မုံရွာ၊ ရွှေဘို၊ ကျောက်တွင်းတို့မှ အသစ်များ ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြား ခြင်းတို့ကြောင့် မသိမသာဈေးနိမ့်သွားကြောင်း သိရှိရပါသည်။ ပန်းနှမ်းနှင့် နေကြာမှာ ကုန်စည် ဒိုင် ပိတ်ထားဆဲကာလဖြစ်၍ အရောင်းအဝယ်အေးအသစ်မဝင်သေးခြင်း၊ မိုးနေကြာ လက်ကျန် နည်း၍ ဆောင်းနေကြာမဝင်သေးခြင်းကြောင့် ဈေးတည်ငြိမ်ပြီး ပန်းနှမ်း ၄၅ ပိဿာလျှင်  ၆၄,၀၀၀ကျပ်၊  နေကြာ ၂၇ ပိဿာလျှင်  ၃၇,၀၀၀ကျပ် ဖြင့် ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

ပဲမျိုးစုံ

မတ်ပဲဈေးနှုန်းအနေဖြင့် မုံရွာ၊ စစ်ကိုင်းမှ အသစ်ဝင်ရောက်မှု အနည်းငယ်ရှိခြင်း၊ ရန်ကုန်ဝယ်လက် ဈေးထိန်းဝယ်ယူခြင်းကြောင့် ဈေးနိမ့်နေကြောင်း သိရှိရပါသည်။ ပဲတီစိမ်း ဈေးနှုန်းအနေဖြင့် ပဲခူးဘက်မှ ပဲတီရွှေဝါများ ဝင်ရောက်ခြင်း၊ တရုတ်ငွေဈေးကျပြီး ကားခဈေး မြင့်သဖြင့် တရုတ်ဝယ်လက်ဈေးနိမ့်ဝယ်ယူခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်း တို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးမသိမသာနိမ့်သွားကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံနီမှာ လည်း အသစ်မဝင်သေးသော်လည်း ရန်ကုန်ဝယ်လက် ဈေးထိန်းဝယ်ယူမှုရှိခြင်းကြောင့် ဈေးနိမ့် သွားကြောင်း သိရှိရပါသည်။ ပဲပုတ် (မြန်မာ/ရှမ်း) ကာဘိုးမှ အသစ်ဝင်ခြင်း၊ မြို့တွင်းလုပ်ငန်းရှင် များ ဝယ်ယူမှုသာရှိ၍ ယခင်တစ်ပတ်ထက် ဈေးမသိမသာနိမ့်ပြီး ပဲလွန်းဖြူ၊ ပဲလွန်းပြာများ အသစ်ဝင်ရောက်၍ အရည်အသွေးကောင်းခြင်း၊ စိုက်ဧကနည်း အထွက်နည်း၊ အဝင်နည်းခြင်း ကြောင့် နှစ်မျိုးလုံး ၆၀ ပိဿာလျှင် ၁၃၅,၀၀၀ ကျပ်ဖြင့် ဈေးမြင့်နေကြောင်း သိရှိရပါသည်။ ပဲယင်း၊ ပဲကြီး၊ ထောပတ်ပဲ၊ မြေတောက်ပဲတို့မှာ အသစ်ဝင်ရောက်မှု အနည်းငယ်ရှိပြီး မြို့တွင်း သုံးစွဲမှုသာရှိသဖြင့် ဈေးနိမ့်နေကြောင်းတွေ့ရှိရပါသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်ခြောက် (ရှည်) သာစည်ပျော်ဘွယ်မှ ဝင်ရောက် မှုရှိခြင်းကြောင့် ယခင်တစ်ပတ် တစ်ပိဿာလျှင် ၅,၂၅၀ ကျပ် မှ ၅,၁၀၀ ကျပ်သို့လည်းကောင်း၊ ငရုတ်ခြောက် (လတ်) မှာ ယခင်တစ်ပတ် တစ်ပိဿာလျှင် ၃,၁၀၀ ကျပ်မှ ၃,၀၀၀ ကျပ်သို့ လည်းကောင်းဈေးနိမ့်နေပြီး၊ ငရုတ်ခြောက် (ပွ) မှာ ဆင်ဖြူကျွန်းဘက်မှ အပွများရော ဧရာ၀တီ (ပွ) AirCon များပါ တစ်ပိဿာလျှင် ၁၂၅,၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး ရံဖန်ရံခါ မိုးကောင်း၊ မြစ်ကြီးနား၊ သပိတ်ကျဉ်းတို့ အမှာရှိပါက ကားဖြင့် ချိတ်ဆက်တင်ပို့ရခြင်းရှိကြောင်း သိရှိရပါ သည်။ ကြက်သွန်နီဈေးနှုန်းမှာ မုံရွာဘက် လက်ကျန်အဟောင်းများမှာ တစ်ပိဿာလျှင် (အကြီး) ၅၀၀ ကျပ်၊ (အလတ်) ၄၀၀ ကျပ်နှင့် (အသေး) ၃၀၀ ကျပ်ဈေးရှိပြီး ပခုက္ကူ၊ ရေစကြိုမှ အသစ် များမှာ တစ်ပိဿာလျှင် (အကြီး) ၈၀၀ ကျပ်၊ (အလတ်) ၇၀၀ ကျပ်၊ (အသေး) ၆၀၀ ကျပ် ဈေးဖြင့် လည်းကောင်း၊ မြစ်သားမှ ဝင်သော အသစ်များ တစ်ပိဿာလျှင် (အကြီး) ၁,၀၀၀ ကျပ်၊ (အလတ်) ၉၀၀ ကျပ်၊ (အသေး) ၈၀၀ ကျပ်ဖြင့်  အရွယ်အစားပေါ် မူတည်၍ ရောင်းဝယ်နေ ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ (ရှမ်း) နှင့် မြေပြန့်မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန် များ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားခြင်း၊ ပစ္စည်းကောင်းရှားခြင်းကြောင့် ယခင် တစ်ပတ်ထက် နှစ်မျိုးလုံးဈေးနှုန်းမြင့်နေကြောင်း သိရှိရပါသည်။ အာလူး (အိုကေ၊ အေဝမ်း၊ ဆွဲ) တို့မှာ အထွက်နည်း အဝင်နည်း၍ ဈေးနှုန်းမြင့်သဖြင့် တရုတ် အာလူးများကိုသာ သုံးစွဲမှု များနေပြီး တစ်ပိဿာလျှင် ၅၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ ချင်းဈေးနှုန်း အနေဖြင့် ယခုတစ်ပတ်အတွင်း Export အတွက် ဝယ်ယူမှုမရှိသဖြင့် အရည်အသွေးကောင်း သော်လည်း တစ်ပိဿာလျှင်  ၁,၄၀၀ ကျပ်မှ ယခုတစ်ပတ် ၁,၀၀၀ ကျပ်သို့ ဈေးနိမ့်သွားကြောင်း သိရှိရပါသည်။

မူဆယ်ကားဂိတ်မှ ကုန်စည်ပို့ဆောင်မှုအခြေအနေ

မူဆယ် (၁၀၅) မိုင် ကုန်စည်ပို့ဆောင်မှုအနေဖြင့် ဖရဲ၊ သခွားမွှေးတင်သော ကားစီးရေ ၂၀၀ ခန့်နှင့် နှမ်း၊ ပဲတီစိမ်းနှင့် အခြားပဲ အနည်းငယ်တင်သော ကားစီးရေ ၁၀၀ ခန့် ထွက်ရှိပြီး ဖရဲတင်သော ကားတစ်စီးကားခမှာ ကျပ် ၁၃ သိန်းမှ ကျပ် ၁၄ သိန်းရှိကြောင်း ချင်းရွှေဟော်ဂိတ် မှ ပဲ၊ နှမ်းတင်သောကားစီးရေ ၁၀၀ ခန့် ထွက်ရှိပြီး ကုန်စည်ပို့ဆောင်ခမှာ တစ်တန်လျှင် ၇၅,၀၀၀ ကျပ်ဖြစ်ပြီး၊ ကားတစ်စီးလျှင် ၁၄ တန်ခွဲ တင်နိုင်ကြောင်း ကားဂိတ်မှ သိရှိရပါသည်။

                                                                                            (ဒေါ်ခင်မေကြည်၊ မန္တလေးဈေးကွက်တာဝန်ခံ)

Loading