ပြည်ပသတင်းများ

ဟန်ရှန်းမှထွက်သော စံပယ်ပန်းများအတွက် အာမခံစနစ် သစ်အားကျင့်သုံးနေသည့် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

ယခုအခါ တရုတ်နိုင်ငံ၏ကျေးလက်ဒေသများမှ တောင်သူ လယ်သမားများသည် သီးနှံ အာမခံများ ထားရှိလာကြပြီဖြစ်ပါသည်။ ယခင်က ရာသီဉတုဆိုးရွားပြင်းထန်မှုကြောင့်  သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ပါက လျော်ကြေးရခြင်းမရှိခဲ့သည့် တောင်သူလယ်သမားများမှာ ယခုအခါ သီးနှံ အာမခံများကြောင့် ဆုံးရှုံးမှုမှ ခုသာခံသာရှိလာပြီဖြစ်ပါသည်။

စံပယ်ပန်းခင်းများ စိုက်ပျိုးသည့် တောင်သူတစ်ဉီးက ယခင်နှစ် ဇူလိုင်လတွင် ၎င်း၏ (၄) ဟက်တာကျယ်ဝန်းသည့် စံပယ်ပန်းစိုက်ခင်းအတွက် အာမခံထားရှိခဲ့ပါသည်။ နိုဝင်ဘာလ တွင် ရာသီဉတုကြောင့် စံပယ်ပန်းအချို့ပျက်စီးခဲ့ရရာ အာမခံကုမ္ပဏီထံမှ ယွမ် (၃)ထောင်ကျော် လျော်ကြေးရခဲ့ကြောင်း၊ ထိုသို့ရရှိရာတွင် လျှောက်ထားသည့် လုပ်ငန်းစဉ်ပင် မဆောင်ရွက်ခဲ့ရဘဲ မိမိဘဏ်စာရင်းသို့ တိုက်ရိုက်ရောက်ရှိလာကြောင်း သိရပါသည်။

စံပယ်ပန်းအာမခံမှာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးစိုက်ပျိုးရေး လုပ်ငန်း ရာသီဉတုညွှန်းကိန်းအာမခံဖြစ်ပြီး၊ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များမှာ အာမခံ မူဝါဒကို အခြေခံထားပါသည်။

ဟန်ရှန်းစီရင်စုမှာ တရုတ်နိုင်ငံ၏ စံပယ်ပန်းအများဆုံး စိုက်ပျိုးပြုပြင်ထုတ်လုပ်သော နေရာဖြစ်ပြီး၊ တစ်နှစ်လျှင် တန်ချိန် (၈) သောင်းခန့်ထွက်ရှိကာ တစ်နိုင်ငံလုံး စံပယ်ပန်း ထုတ်လုပ်မှု၏ (၈၀)ရာခိုင်နှုန်းကျော်ရှိပါသည်။ ၎င်းစီရင်စုအား စံပယ်ပန်းများ၏ ဇာတိမြေအဖြစ် လူသိများပါသည်။ စံပယ်ပန်းအာမခံမှာ ရာသီဉတုဆိုးရွားမှုကြောင့် စံပယ်ပန်းပွင့်မှုအား ထိခိုက် ဆုံးရှုံးစေခဲ့ပါက ဒေသခံတောင်သူများအား ဘဏ္ဍာရေးဆိုင်ရာလုံခြုံမှုရစေရန် ဆောင်ရွက်ပေး ခြင်းဖြစ်ပါသည်။

စံပယ်ပန်းစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းမှာ ဟန်ရှန်းစီရင်စု၏ ပင်မလုပ်ငန်းလည်း ဖြစ်၊ ဒေသစီးပွားရေးနှင့်လည်း နီးကပ်စွာ ဆက်နွယ်နေကြောင်း၊ စံပယ်ပန်းများ၏ အရည်အသွေး မှာ ပန်းပွင့်ချိန်တွင် မိုးရွာသွန်းမှုနှင့် အများဆုံး ဆက်စပ်နေကြောင်း၊ မိုးကောင်းစွာ ရွာသွန်းပါက စံပယ်ပန်းတစ်ကီလိုဂရမ်လျှင် (၂၈)ယွမ်ရကြောင်း၊ ရာသီဉတုအခြေအနေဆိုးပါက တစ်ကီလို ဂရမ်လျှင် ယွမ် (၂၀) မျှသာရကြောင်း၊ ယခုအခါ တောင်သူများ စံပယ်ပန်း စိုက်ပျိုးလိုစိတ်ဖြစ် ပေါ်လာစေရန် ၎င်းတို့အား သင့်တင့်လျောက်ပတ်စွာ ကာကွယ်ပေးမှုဖြင့် ပံ့ပိုးပေးနေပါကြောင်း၊ စိုက်ပျိုးသည့်လုပ်ငန်းစဉ်တွင် ကြုံတွေ့ရလေ့ရှိသော ဆုံးရှုံးနိုင်ခြေများကို  အာမခံဖြင့် ပံ့ပိုးပေး ထားပါကြောင်း၊ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် စံပယ်ပန်းစိုက်ပျိုးသည့် လုပ်ငန်းကိုရော၊ ဒေသ စီးပွားရေးကိုပါ စိတ်ချလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်လာစေကြောင်း China Pacific Insurance (Group) Co., Ltd ၏ ကွမ်ရှီးဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ Liu Peizhi က ပြောကြားထားပါ သည်။

အာမခံလုပ်ငန်းမှ ထုတ်ပြန်ချက်အရ စံပယ်ပန်း အာမခံစတင်ဆောင်ရွက်ပေးသည့် ပထမဆုံးနှစ်မှာပင် စံပယ်ပန်းစိုက်ခင်း (၇၅၈) မူကို အာမခံက လွှမ်းခြုံပေးနိုင်ခဲ့ပြီး၊ အာမခံကာမိ သည့် ပမာဏ ယွမ် (၂.၂၈) သန်း ထိရောက်ရှိခဲ့ကာ၊ လျော်ကြေးပေးခဲ့မှုမှာ ယွမ် (၄၅,၄၈၀) ရှိခဲ့ ကြောင်း သိရပါသည်။

စံပယ်ပန်း အာမခံကဲ့သို့သော သီးနှံအာမခံများမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းကို ထိထိရောက်ရောက် တည်ငြိမ်စေလျက် ဒေသတွင်းစိုက်ပျိုးမှုများ အား ခေတ်မီလာစေရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆောင်ရွက်မှုများကို  မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါသည်။

သမားရိုးကျအာမခံမှုမှာ ထုတ်လုပ်မှုဆုံးရှုံးနိုင်ခြေကိုသာ ခြုံငုံနိုင်သည့်အတွက် စံပယ် ပန်းအာမခံမှာ လစ်လပ်နေသော ကွက်လပ်ကို ဖြည့်ဆည်းရာရောက်သည့်အတွက် အာမခံ ထုတ်ကုန်များတွင် တီထွင်ဆန်းသစ်မှုဟု ပြောနိုင်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်း အတွက် အာမခံပေးနိုင်မှု ပိုမိုကြွယ်ဝများပြားလာသည့်အပြင်၊ တီထွင်ဆန်းသစ်သည့် ဘဏ္ဍာရေး ဆိုင်ရာထုတ်ကုန်များ ထပ်မံဖွံ့ဖြိုးတိုးတက်ရေးအတွက် မှီငြမ်းမှုပြုနိုင်သည့် အာမခံစနစ်တစ်ခု ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများတွင် နိုင်ငံတကာအလေ့အထဖြင့် ကျင့်သုံးနေသည့် ညွှန်းကိန်းအာမခံများမှ အစဉ်မပြတ် စူးစမ်းလေ့လာထားမှုနှင့် ဘဏ္ဍာရေး တံခါးဖွင့်ပေးမှု၏ နမူနာကောင်းများဖြစ်ကြောင်း၊ စံပယ်ပန်း အာမခံကဲ့သို့ မိုးရွာသွန်းမှုအခြေ အနေကြောင့် ပျက်စီးဆုံးရှုံးရသည့် ပမာဏများအား အတိအကျ မည်သို့ တွက်ချက်ရမည်နည်း ဟူသည်မှာ ခက်ခဲသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော ကိစ္စများတွင် တိကျသည့် ရာသီဉတု အချက်အလက်များ ရရှိရန် မိုးလေဝသဌာနကဲ့သို့သော သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း China Banking and Insurance Regulatory Commission မှ အရာရှိတစ်ဉီးဖြစ်သူ Hu Yingquan က မှတ်ချက်ပြုပြောကြားထားပါသည်။

ရင်းမြစ်၊ China Daily (၂၂-၁၀-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading