ပြည်ပသတင်းများ

ဟန်ရှန်းစီရင်စုတွင် စံပယ်ပန်းလုပ်ငန်း ဖွံ့ဖြိုးလာစေရန် အွန်လိုင်းဝန်ဆောင်မှုဖြင့် ကူညီနေ

ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟန်ရှန်းစီရင်စုရှိ Lei Shuiping အမည်ရှိ စံပယ်ပန်းစိုက်ပျိုးသူတစ်ဉီးသည် သူမစိုက်ပျိုးခြံထွက် စံပယ်ပန်းများ၏ အလေးချိန်ကို ချိန်ပြီး သည်နှင့် သူမ၏ ဘဏ်စာရင်းအတွင်းသို့ ငွေမည်မျှဝင်ရောက်ကြောင်း သတင်းတို (message) ကို သူမ၏ ဖုန်းတွင် လက်ခံရရှိခဲ့ပါသည်။  ထိုသို့ရောင်းဝယ်မှုအတွက် Digital Jasmine အမည်ရ အွန်လိုင်း platform ကို အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။

၎င်း Digital Jasmine အွန်လိုင်း platform ပေါ်တွင် စံပယ်ပန်းစိုက်ပျိုးသူ တောင်သူ များမှ နေ့စဉ်လာရောက်ရောင်းချသည့် စံပယ်ပန်းများအပေါ်ပေးသည့်ဈေးနှုန်းမှာ နေ့စဉ် ရာသီ ဉတုအခြေအနေပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။ ယေဘုယျအားဖြင့် နေပူသောနေ့များ တွင် စံပယ်ပန်းမှာ အပွင့်ပိုကြီးပြီး ပိုမိုမွှေးသဖြင့် ဈေးပိုများပြီး၊ မိုးရွာသောနေ့များတွင် ဈေးလျော့ နည်းတတ်ပါသည်။

ယမန်နှစ်တစ်နှစ်လုံးတွင် ၎င်း platform ပေါ်မှ စံပယ်ပန်း မက်ထရစ်တန်ချိန် (၃၅၀၀) ခန့်ကို ရောင်းချခဲ့ပြီး ယွမ်ငွေ သန်း (၆၀) ခန့်ရရှိခဲ့ပါသည်။

Digital Jasmine အွန်လိုင်း platform အား စီရင်စုအစိုးရနှင့် China Construction Bank တို့ ပူးပေါင်း၍ ယခင်နှစ် သြဂုတ်လမှ စတင်အသုံးပြုလာခြင်း ဖြစ်ပါသည်။ ၎င်းဝန်ဆောင်မှု platform မှာ ဟန်ရှန်းစီရင်စုရှိ စံပယ်ပန်းစိုက်ပျိုးသူများနှင့် လက်ဖက်ခြောက်ကုမ္ပဏီများအတွက် ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးကို ခြုံငုံမိစေရန် ဆောင်ရွက်ပေးထားပါသည်။

၎င်း platform မှ ပေးသည့်ဝန်ဆောင်မှုများတွင် ကုန်စည်ခြေရာခံလိုက်ခြင်း၊ စိုက်ပျိုး နည်းလမ်းညွှန်များ၊ ထောက်ပို့သယ်ယူပို့ဆောင်ရေး ခြေရာခံလိုက်ခြင်း၊  နောက်ဆုံးပေါ်မူဝါဒများ အကြောင်း သတင်းအချက်အလက်များနှင့် ဈေးနှုန်းအညွှန်းကိန်းများ ပါဝင်ပါသည်။

၎င်း Digital Jasmineplatform ပေါ်မှ စီရင်စုတစ်ခုလုံး၏ အဖိုးတန်အချက်အလက် များကို ရရှိနိုင်ပြီး လုပ်ငန်းများအား ပိုမိုကောင်းမွန်သည့် မူဝါဒများဖြင့် အကူအညီပေးနိုင်ရန် ဆောင်ရွက်လာနိုင်ကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စံပယ်ပန်းများအတွက် ပိုမိုတင်းကြပ် သော အရည်အသွေးထိန်းချုပ်မှုများဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စံပယ်ပန်း စိုက်ပျိုး ပြုပြင်ထုတ်လုပ်သောလုပ်ငန်းအား ပိုမိုကောင်းမွန်သော အမှတ်တံဆိပ်များ၊ စိုက်ပျိုးရေးအခြေခံ နှင့် စံပယ်ပန်းနှင့် ဆက်နွယ်သည့်ခရီးသွားလာမှုများ ဖွံ့ဖြိုးလာစေရန် ဆက်လက်တိုးချဲ့ လုပ်ကိုင် သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ (၂၀၂၁-၂၀၂၅) ငါးနှစ်စီမံကိန်းနှင့် (၂၀၂၆-၂၀၃၀) ငါးနှစ် စီမံကိန်းကြားကာလအတွင်း စံပယ်ပန်းထုတ်လုပ်မှုအား နှစ်ဆတိုးမြှင့်သွားရန် မျှော်လင့်ကြောင်း၊ ယမန်နှစ်က ဤစီရင်စု၏ စံပယ်ပန်းထုတ်လုပ်မှုတန်ဖိုးမှာ ယွမ်ငွေ (၁၂.၂) ဘီလီယံရှိသော်လည်း စံပယ်ပန်းလုပ်ငန်းပေါ်တွင် စီရင်စုအစိုးရနှင့် ပန်းစိုက်တောင်သူများ လုံးလုံးလျားလျားမှီခိုရန် လုံလောက်သောပမာဏ မဟုတ်သေးကြောင်း  စီရင်စုစံပယ်ပန်းလုပ်ငန်းဝန်ဆောင်မှုစင်တာမှ ညွှန်ကြားရေးမှူး Lu Hongjian က မှတ်ချက်ပြုပြောကြားပါသည်။

ဘဏ်မှ ကမ်းလှမ်းဆောင်ရွက်ပေးသော ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု၊ ကြိုတင်ငွေပေး ချေမှုနှင့် ငွေပေးချေသည့် နည်းလမ်းတို့မှာ စံပယ်ပန်းလုပ်ငန်း၏ဖွံ့ဖြိုးမှုကို များစွာ မြှင့်တင်ပေး နိုင်မည်ဖြစ်ပြီး၊ စီရင်စုအတွင်းရှိ စံပယ်ပန်းစိုက်တောင်သူ (၃) သိန်းကျော်တို့အား အကျိုးဖြစ်ထွန်း စေကြောင်း ညွှန်ကြားရေးမှူး Lu က ဖြည့်စွက်ပြောကြားထားပါသည်။

ဟန်ရှန်းစီရင်စုတွင် ယခင်နှစ်အတွင်း စံပယ်ပန်းစိုက်ပျိုးမြေပေါင်း ဟက်တာ (၇,၅၃၃) ရှိခဲ့ကာ၊ စိုက်ပျိုးသူပေါင်း (၃၃၀,၀၀၀) နှင့် စံပယ်ပန်းထုတ်လုပ်နိုင်မှု တန်ချိန် (၉) သောင်းရှိခဲ့ပါ သည်။ ၎င်းစီရင်စုတွင် စံပယ်ပန်းလက်ဖက်ခြောက်ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း (၁၃၀)ခန့်ရှိကာ နှစ်စဉ်စုစုပေါင်းထုတ်လုပ်မှု တန်ချိန် (၇၈,၀၀၀) ခန့်ရှိပါသည်။

ယမန်နှစ်အတွင်း အစိုးရက ရွာသားများအား  စမတ်ဖုန်းပေါ်တွင် platform အား မည်ကဲ့သို့ အသုံးပြုရမည်ကို အခမဲ့သင်တန်းများ ပေးခဲ့ရာ၊ ကုန်သွယ်မှုပြုရာတွင် အမှန်တကယ် လွယ်ကူစိတ်ချလုံခြုံစေကြောင်း သိရပါသည်။

ရင်းမြစ်၊ China Daily (၂၁-၁၀-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading