ပြည်ပသတင်းများ

E-commerce ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် Alibaba က Sun Art ကို ဝယ်ယူလိုက်ခြင်း

Covid-19 ကြောင့် အွန်လိုင်းနှင့် ပြင်ပ၌ ဈေးဝယ်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်အောင် E-commerce ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံ၏အကြီးဆုံးဖြစ်သည့် ကုန်တိုက်ကြီးများ လည်ပတ်ဆောင်ရွက်နေသည့် Sun Art Retail  Group အား  Alibaba က ဝယ်ယူလိုက်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Liu Yujing က “Alibaba Buys Out Sun Art To Boost Hold On E-commerce” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိပါသည်။

အဆိုပါသတင်းတွင် ကမ္ဘာ့အကြီးဆုံးအွန်လိုင်းဈေး အရောင်းဝက်ဆိုဒ် Taobao ဖြင့် လုပ်ကိုင်နေသည့် Alibaba သည် Sun Art မှ (၅၁) ရာခိုင်နှုန်းပိုင်ဆိုင်သည့် A-RT Retail holdings ၏ (၇၀.၉) ရာခိုင်နှုန်းကို ဟောင်ကောင်ဒေါ်လာ (၂၈) ဘီလီယံဖြင့် ဝယ်ယူမည်ဖြစ်ပြီး Sun Art ၏ ကျန်ရှိသည့် ရှယ်ယာမှ ဟောင်ကောင်‌ဒေါ်လာ (၁၇) ဘီလီယံကို ဝယ်ယူရန်လည်း စိတ်ဝင်စား လျက်ရှိကြောင်း၊ A-RT Retail အား Auchan Holding က တိုက်ရိုက် ထိန်းချုပ်လျက်ရှိကြောင်း၊ Alibaba သည် Sun Art အား ဟောင်ကောင်ဒေသရှိ ကုမ္ပဏီစာရင်းတွင် ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ကြောင်း၊ A-RT ၊ Auchan Holding နှင့် Sun Art တို့မှ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လကုန်အထိ တရုတ်နိုင်ငံတစ်ဝှမ်းတွင် ကုန်တိုက် (၄၄၈) ခု ဖွင့်လှစ်ထားကြောင်း၊ ၂၀၁၇ ခုနှစ်ကတည်းက Sun Art ၏ ဆိုင်များကို Alibaba နှင့် ပူးပေါင်း၍ ဒစ်ဂျစ်တယ်လ်စနစ် အသုံးပြုရန်စီစဉ်ထားရာ Covid-19 ကြောင့် စားသုံးသူများနှင့် လုပ်ငန်းများမှ ဒစ်ဂျစ်တယ်လ်စနစ်အသုံးပြုမှု အရှိန် မြင့်တက်လာခြင်းကြောင့် Sun Art သည် ၎င်း၏ ကတိကဝတ်အရ အတွေ့ကြုံများအား အပြည့်အဝ အသုံးချပြီး စားသုံးသူများအား ဝန်ဆောင်မှုပေးနိုင်မည့် လက်လီရောင်းချသည့် စနစ်အသစ် ဆောင်ရွက်ရန် ပိုမိုအားကောင်းသွားကြောင်း၊ Sun Art ၏ ပြင်ပ၌ ရောင်းချသည့် စတိုးဆိုင် အားလုံးမှာ Alibaba Platform သို့ ပြောင်းလဲဖွင့်လှစ်လိုက်ပြီး မှာယူသည့် ပစ္စည်းများအား အခြားသော Alibaba လုပ်ငန်းများဖြစ်သည့် အွန်လိုင်းစားသောက်ကုန်ပို့ဆောင်သည့်ဝန်ဆောင်မှု လုပ်ငန်း Ele.me နှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း Cainiao တို့နှင့် ပူးပေါင်း၍ စတိုးဆိုင်နှင့် ပစ္စည်းမှာယူသူတို့၏ အကွာအဝေးပေါ် မူတည်၍ (၁) နာရီအတွင်း အရောက်ပို့ဆောင်ပေးမှုနှင့်  ၂၀ ကီလိုမီတာအဝေးတွင်ရှိသည့် ဝယ်ယူသူများအား နေ့တစ်ဝက်အတွင်း ပို့ပေးခြင်းတို့ ဆောင်ရွက် လျက်ရှိကြောင်း၊ မကြာမီနှစ်များမှ စတင်၍ အွန်လိုင်းမှ ရောင်းချမှုအရှိန်မြင့်တက်လာခြင်းကြောင့် နိုင်ငံခြားကုမ္ပဏီများမှာ တရုတ်နိုင်ငံ ဈေးကွက်တွင် အောင်မြင်နိုင်ရန် ရုန်းကန်လှုပ်ရှားလာရ ကြောင်း၊ ဗြိတိသျှ၏ စူပါးမားကတ်လုပ်ငန်း Tesco သည် ၂၀၂၀ ပြည့်နှစ်၊ အစောပိုင်းတွင် တရုတ်နိုင်ငံမှ ထွက်ခွာသွားကြောင်း၊ ဂျာမနီနိုင်ငံ၏ လက်လီလုပ်ငန်း Metro သည် တရုတ်နိုင်ငံ လက်လီအရောင်းလုပ်ငန်း Wumart သို့ ၎င်း၏ ဆိုင်အား ရောင်းချလိုက်ကြောင်း၊ ကုန်ပစ္စည်း မျိုးစုံအရောင်းဆိုင် ပြင်သစ်ပိုင် Carrefour သည် ၎င်း၏ စတိုးဆိုင်များအား  Suning.com သို့ လွှဲပြောင်း ရောင်းချလိုက်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း Sun Art ၏ ရှယ်ယာများမှာ တက် လိုက်ကျလိုက်ဖြစ်နေကြောင်း၊ ဇွန်လတွင် ဟောင်ကောင်‌ဒေါ်လာ (၁၃.၂၄ ) ဖြင့် (၄၀) ရာခိုင်နှုန်း မြင့်တက်နေပြီး ၁၆-၁၀-၂၀၂၀ ရက်နေ့တွင် ဟောင်ကောင်ဒေါ်လာ (၇.၉၃) သို့ ကျဆင်းသွား ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြင်ပအရောင်းဆိုင်များမှ လက်လီ ရောင်းချရမှုမှာ (၄.၇) ထီရီလီယံရှိရာ စုစုပေါင်းရောင်းချရမှု၏ ထက်ဝက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း အသွားအလာကန့်သတ်မှုများ၊ အချင်းချင်း ခပ်ခွာခွာနေထိုင်ရန် ကန့်သတ်ချက်များကြောင့် အွန်လိုင်း ရောင်းချရမှုများမှာ လျင်မြန်စွာ တိုးချဲ့လာကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၈) လအတွင်း အွန်လိုင်းမှ အစားအစာရောင်းချရမှုမှာ (၃၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ အွန်လိုင်းလက်လီရောင်းချ ရမှုမှာ (၇) ထရီလီယံယွမ်၊ ရာခိုင်နှုန်းအားဖြင့် (၁၀) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ Alibaba သည် နောက်ထပ်ခြေလှမ်းအနေဖြင့် “New retail” မဟာဗျူဟာကို အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါ မဟာဗျူဟာအောက်တွင် အွန်လိုင်းနှင့် ပြင်ပဆိုင်ရောင်းချမှု နှစ်ခုစလုံးမှ အတွေ့အကြုံ ကောင်းများကို ပေါင်းစပ်အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ပြောင်းလဲအသုံးပြုမှုကြောင့် Sun Art ၏ စုစုပေါင်းဝင်ငွေ၏ (၁၅) ရာခိုင်နှုန်းခန့်ကို အထောက်အကူဖြစ်ခဲ့ကြောင်း ဖော်ပြပါရှိ ပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading