ပြည်ပသတင်းများ

Cathay လေကြောင်းလိုင်းကုမ္ပဏီ ဝန်ထမ်းများအတွက် နည်းလမ်းအသစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိခြင်း

ဟောင်ကောင်၏ လုပ်ငန်းများ၌ သမိုင်းမှတ်တမ်းဝင် သွားသည့် အလုပ်အကိုင်ရရှိမှုများ ရုတ်တရက် ထိုးကျသွားသည့် Cathay Pacific လေကြောင်းလိုင်းမှ လေယာဉ်ဝန်ထမ်းများနှင့် မြေပြင်၌ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား လုပ်ငန်းမှ ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်း ကြောင့် အာမခံကုမ္ပဏီများ၊ အိမ်ခြံမြေကိုယ်စားလှယ်များ၊ အလှပြင်လုပ်ငန်းလုပ်ကိုင်သူများသည် အဆိုပါဝန်ထမ်းများအား ခန့်ထားရန်‌ဆောင်ရွက်လာကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Lam Ka-sing နှင့် Enoch Yiu တို့က “Firms Plot New Path for Cathay Workers”ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိပါသည်။

အဆိုပါသတင်း၌ အိမ်ခြံမြေလုပ်ငန်းများသည် အလုပ်မှ ရပ်နားသည့် လေယာဉ်ဝန်ထမ်း များအား သင်တန်းပို့ချပြီးမှ အလုပ်ခန့်ထားမည်ဖြစ်ကြောင်း၊ အာမခံလုပ်ငန်းမှလည်း ဆက်ဆံရေး ကောင်းမွန်စေရန် ဘာသာစကား အနည်းဆုံး နှစ်မျိုးနှင့်အထက် ပြောနိုင်သည့် ကျွမ်းကျင်သူများ ရှာဖွေလာကြောင်း၊ Cathay လေကြောင်းမှ ဝန်ထမ်း (၅၃၀၀) ဦးအား အလုပ်မှ ထုတ်ပယ်လိုက်ရပြီး ၎င်း၏ လက်အောက်ခံ Cathay Dragon အား ရပ်စဲလိုက်ကြောင်း၊ Covid-19 ကြောင့် ဟောင်ကောင် ဒေသ၌ အလုပ်လက်မဲ့နှုန်း (၆.၄) ရာခိုင်နှုန်းရှိခဲ့ရာ ယင်းမှာ (၁၆)နှစ်တာကာလအတွင်း အမြင့်ဆုံး သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအသစ်များ ခန့်ထားခြင်းမှာ  နှေးကွေးနေဦးမည်ဖြစ်ပြီး လက်ရှိခန့်ထားသည့် ဝန်ထမ်းများ၏ လစာနည်းပါးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဟောင်ကောင်ဒေသရှိ အကြီးဆုံး အာမခံလုပ်ငန်း (၃) ခု ဖြစ်သည့် AIA၊ Prudential နှင့် Manulife တို့သည် လုပ်ငန်းမှ ရပ်နားလိုက်သည့် လေယာဉ်ဝန်ထမ်းများကို ၎င်းတို့၏ လုပ်ငန်း၌ အသစ်ခန့်ထားရန်နှင့် ပတ်သက်၍ အလုပ်များလျက်ရှိကြောင်း၊ AIA ကုမ္ပဏီသည် ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် လေကြောင်းလိုင်းလုပ်ငန်းများမှ ဝန်ထမ်း များ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို AIA ၌ ငွေကြေးစီမံကိန်းရေးဆွဲသူများအဖြစ် ပြောင်းလဲ ခန့်ထားရန် စီစဉ်လျက်ရှိကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်း (၆၀၀၀) ဦး ခန့်ထားရန်ရှိ ကြောင်း၊ ကနေဒါကုမ္ပဏီဖြစ်သည့် Manulife သည်လည်း Cathay လေကြောင်းလိုင်းမှ ဝန်ထမ်း များ ခန့်ထားရန် အခွင့်အလမ်းများ ရှာဖွေလျက်ရှိပြီး အေးဂျင့်အသစ်များအား ပံ့ပိုးနိုင်မည့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည့် သင်တန်းများ ပို့ချပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Covid-19  ဖြစ်ပွား နေသော်လည်း ဝန်ထမ်းအသစ်များ ခန့်ထားလျက်ရှိကြောင်း၊ Prudential ကုမ္ပဏီသည်လည်း လေယာဉ်ဝန်ထမ်းများသာမက ဟိုတယ်နှင့် စားသောက်ဆိုင်ကဏ္ဍများမှ လုပ်ငန်းရပ်နားသည့် ဝန်ထမ်းများကို ခန့်ထားမည်ဖြစ်ကြောင်း၊ အဆိုပါ အာမခံကုမ္ပဏီများ အနေဖြင့် Covid-19 ကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို အခွင့်ကောင်းတစ်ရပ်အနေဖြင့် ခံယူပြီး အာမခံလုပ်ငန်းတွင် ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဝန်ထမ်းများမှာ စားသုံးသူများအား ဖော်ရွေသည့် ဝန်ဆောင်မှုပေးသည့် အတွေ့အကြုံရှိ လုပ်ငန်းကျွမ်းကျင်မှုများ ရှိသောကြောင့် အာမခံလုပ်ငန်းတွင်လည်း ပြည်သူများအား အကာအကွယ်ပေးနိုင်ပြီး စီးပွားရေး လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ Covid-19 ဖြစ်ပွားမှုကြောင့် ပြည်သူများအား အကာ အကွယ်‌ပေးရန်အတွက် အာမခံထားရှိရန်မှာအရေးကြီးကြောင်း သတိပေးသကဲ့သို့ဖြစ်လာရာ အာမခံ ကုမ္ပဏီများအနေဖြင့် ၎င်းတို့ထံလာရောက်သည့်  အာမခံထားလိုသူများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ထမ်းအသစ်များ ပိုမိုခန့်ထားမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေကဏ္ဍမှ Centaline Property Agency နှင့် RicacorpProperities တို့မှလည်း ၎င်းတို့၏ လုပ်ငန်းတွင် ခန့်ထားရန် အလားအလာရှိသည့် လေယာဉ်ဝန်ထမ်းများအား အလုပ်မခန့်ခင် သင်တန်းများ အခမဲ့ ပို့ချသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအင်အား (၅၀၀၀) ဦးရှိသည့် Centaline Property Agency သည် ဝန်ထမ်းအသစ် (၂၀၀) ဦးနှင့် RicacorpProperitiesမှ (၃၀၀) ဦးအား ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်ထားမည်ဖြစ်ပြီး Midland Realty နှင့်Hong Kong Property Services (Agency) တို့မှ သတ်မှတ်ထားခြင်း မရှိသေးကြောင်းနှင့် အလှကုန်ကုမ္ပဏီ Perfect Shape သည်လည်း လေယာဉ် ဝန်ထမ်းများအား ခန့်ထားရန် စီစဉ်ထားကြောင်း ဖော်ပြပါရှိပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading