ပြည်ပသတင်းများ

ပဲစင်းငုံများ နောက်ဆုံးထားတင်သွင်းရမည့် နေ့ရက်အား ၃၁-၁၂-၂၀၂၀ နေ့အထိ အိန္ဒိယအစိုးရက တိုးမြှင့်ခွင့်ပြုခြင်း

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံတန်ချိန် ၄ သိန်းအား ပြည်တွင်း ရှိ ပဲခွဲစက်လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့ပါသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ အိန္ဒိယသို့ တင်ပို့ရန် ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကျော် ကျန်ရှိ နေပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တားဆီးထိန်းချုပ်မှုများအား ဆောင်ရွက်နေချိန်၌  ၁ လတာ ကာလအတွင်း အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ အရောက်တင်ပို့နိုင်ရန်မှာ ထောက်ပံ့ပို့ဆောင်မှု ဆိုင်ရာကန့်သတ်ချက်များကြောင့် ခက်ခဲမှုရှိသဖြင့် နေ့ရက်တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှအိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနသို့ မေတ္တာရပ်ခံ ညှိနှိုင်းခဲ့ပါသည်။

ယခုအခါ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန Directorate General of Foreign Trade (DGFT) က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကန့်သတ် တင်သွင်းခွင့် ပြုထားသည့် ပဲစင်းငုံတန်ချိန် ၄ သိန်းအား ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ အရောက်တင်သွင်းရန် သတ်မှတ်ထားရာမှ ၃၁-၁၂-၂၀၂၀ နေ့အထိတိုးမြှင့်ခွင့်ပြု လိုက်ကြောင်း ၂၆-၁၀-၂၀၂၀ နေ့တွင် အများပြည်သူဆိုင်ရာ အသိပေးချက်အမှတ် ၂၇/ ၂၀၁၅-၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါကြေညာချက်အရ HS Code 70136000 အောက်ရှိ ပဲစင်းငုံ (Pigeon Peas) များ အား နောက်ဆုံးထားတင်သွင်းရမည့်နေ့ရက်ကို တိုးမြှင့်မှုနှင့်အတူ ကုန်စည်များ ကူးသန်းရောင်းဝယ် ခြင်းအတွက် ငွေပေးချေမှု Irrevocable Commercial Letter of Credit (ICLC) ကိစ္စရပ်များကို လည်း အဆိုပါ ၃၁-၁၂-၂၀၂၀ ရက်နေ့အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:    Public Notice No. 27/2015-2020 dated 26th October 2020 of Directorate General of Foreign Trade, Ministry of Commerce and Industry of India

Loading