ပြည်ပသတင်းများ

မြန်မာနိုင်ငံမှ မတ်ပဲများအား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး၍ ဝယ်ယူတင်သွင်းမည်ဟု အိန္ဒိယ စားသုံးသူရေးရာ ဝန်ကြီးကပြောကြားခြင်း

အိန္ဒိယပြည်တွင်းဈေးကွက်၌ လတ်တလောကာလတွင် ကြက် သွန်နီနှင့် အာလူးတို့၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းလျက် ဈေးနှုန်းတည်ငြိမ် ရေးကို ဆောင်ရွက်မှုနှင့် အတူ ပဲမျိုးစုံ ဈေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်လည်း အိန္ဒိယနိုင်ငံ အစိုးရသည် မိုဇမ်ဘစ်နိုင်ငံနှင့် အစိုးရချင်းသဘောတူလက်မှတ်ရေးထိုးထားသည့် ပဲစင်းငုံနှင့် အခြားပဲများ ဝယ်ယူရေး နားလည်မှုစာချွန်လွှာကို နောက်ထပ် ၅ နှစ်သက်တမ်းတိုးမြှင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံထံမှ မတ်ပဲကိုလည်း နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ဝယ်ယူတင်သွင်းမည် ဟု အိန္ဒိယစားသုံးသူရေးရာဝန်ကြီး Mr. Piyush Goyal ကပြောကြားခဲ့ကြောင်း အိန္ဒိယသတင်း ဌာနများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

၃၀-၁၀-၂၀၂၀ နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရသည် အမျိုးသား လယ်ယာထွက်ကုန်သမဝါယမဈေးကွက်အသင်းချုပ် (NAFED) မှတစ်ဆင့် ပုဂ္ဂလိကသွင်းကုန် လုပ်ငန်းရှင်များထံမှ ကြက်သွန်နီ တန်ချိန် ၇,၀၀၀ ကို အရန် ဝယ်ယူထားရှိပြီးဖြစ်သည့်အပြင် နိုဝင်ဘာလ ၁၄ ရက်နေ့၌ ကျရောက်မည့် ဒေဝါလီပွဲတော် မတိုင်မီ ကြက်သွန်နီ တန်ချိန် ၂၅,၀၀၀ ကို ပြည်ပမှ တင်သွင်းရန် စီစဉ်ထားရှိကြောင်း၊ အလားတူ သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုပဲ ဘူတန်နိုင်ငံထံမှတင်သွင်းခွင့်ပြုမည့် တန်ချိန် ၃၀,၀၀၀ အပါအဝင် အာလူးတန်ချိန် ၁၀ သိန်း ကိုလည်း သွင်းကုန်အခွန် ၃၀% ကောက်ခံရာမှ ၁၀% သို့ လျော့ချလျက် ၃၁-၁-၂၀၂၁ နေ့အထိ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ အစိုးရသည် အရန်သိုလှောင်ထားရှိမှုမှ ကြက်သွန်နီ တန်ချိန် ၃၇,၀၀၀ ကို ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးခဲ့ပြီး ပဲစင်းငုံတန်ချိန် ၂ သိန်းကိုလည်း ဒေဝါလီ ပွဲတော်မတိုင်မီကာလအတွင်း ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း၊ ပဲစင်းငုံ တင်သွင်းခွင့်အား ၃၁-၁၂-၂၀၂၀ နေ့အထိ တိုးမြှင့်ခွင့်ပြုသည့် နည်းတူ ပဲနီလေးအပေါ်ကောက်ခံသည့် သွင်းကုန်ခွန် အား  ၁၀% သို့ လျော့ချထားရှိမှုကိုလည်း အဆိုပါနေ့ရက်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခု ဘဏ္ဍာနှစ်၌ စာချုပ်သက်တမ်းပြည့်မြောက်သည့်  မိုဇမ်ဘစ်နိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုး ထားသည့် ပဲစင်းငုံဝယ်ယူရေး နားလည်မှုစာချွန်လွှာကို နောက်ထပ် ၅ နှစ် သက်တမ်းတိုးလျက် နှစ်စဉ် တန်ချိန် ၂ သိန်း ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံထံမှ နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်း ၅ သောင်းကိုလည်း အစိုးရချင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ၍ ၅ နှစ်တာကာလအထိ တင်သွင်းမည်ဖြစ်ကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနနှင့် စားသုံးသူ‌ရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးဖြစ်သူ Mr. Piyush Goyal ကပြောဆိုခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၏ ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှာ လွန်ခဲ့သည့် ၅ နှစ်တာကာလ၌ သိသာစွာ တိုးတက်လာခဲ့ပြီး အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုအတွက် လုံလောက်မှုရှိသည် အထိ ထုတ်လုပ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းကာလမတိုင်မီအတွင်း စားသုံး သူများအတွက် ပဲမျိုးစုံနှင့် စားသုံးဆီတို့ကို ဈေးနှုန်းသင့်တင့်စွာဖြင့် ရရှိနိုင်ရေး လိုအပ်သော သွင်းကုန်ဆိုင်ရာ စီမံဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့်လည်း ဝန်ကြီး Mr. Piyush Goyal  က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နေအေးလွင်၊ စီးပွား‌ရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:    1.   Onion prices falling, govt to also ensure steady rates for tomato and pulses, 30 Oct 2020, Economic Times

  1. 2. To check prices, Centre to import 10 lakh tonnes of potato, 30 Oct 2020, The Hindu Business Line

Loading