ပြည်ပသတင်းများ

ဘယ်လ်ဂျီယံနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ်ရန်ပုံငွေ ယူရို ၇.၈ ဘီလီယံ ဥရောပကော်မရှင်အဆိုပြု

အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအပေါ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ကုစားရန် ကြိုးပမ်းမှုများအား ကူညီပေးရန်အတွက် ဥရောပကော်မရှင်က အဆိုပြုထားသည့် ယူရို ၈၁.၄ ဘီလီယံ အထောက်အကူပြုအစီအစဉ်မှ ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ယူရို ၇.၈ ဘီလီယံ ရရှိမည်ဖြစ်ကြောင်းသိရသည်။ အဖွဲ့ဝင်နိုင်ငံများ၏ အလုပ်လက်မဲ့အခြေအနေနှင့် စီးပွားရေး လုပ်ငန်း အထောက်အကူအစီအစဉ်များကို အားပေးမြှင့်တင်ရန်အတွက် ချေးငွေအစီအစဉ် တစ်ရပ် ဖြစ်သည့် SURE instrument မှ အဖွဲ့ဝင်နိုင်ငံများအတွက် ရန်ပုံငွေရရှိရေး အဆိုပြုထားကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံကရရှိမည့် ယူရို ၇.၈ ဘီလီယံသည် လက်ရှိ အချိန်ထိ ရန်ပုံငွေလျှောက်ထားသည့် နိုင်ငံပေါင်း (၁၅) နိုင်ငံအနက် စတုတ္ထအများဆုံးဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ပထမဦးဆုံး အသွားအလာကန့်သတ်မှု (lockdown) ပြုလုပ်ခဲ့ရသည့် အီတလီနိုင်ငံသည် ယူရို ၂၇.၄ ဘီလီယံ၊ စပိန်နှင့် ပိုလန်နိုင်ငံတို့သည် ယူရို ၂၁.၃ ဘီလီယံနှင့် ၁၁.၂ ဘီလီယံတို့ဖြင့် ချေးငွေများအား အသီးသီးလက်ခံရရှိကြမည်ဖြစ်သည်။ ဥရောပ ကော်မရှင်က အဆိုပြုထားသည့် ချေးငွေပမာဏများကို အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင် များပါဝင်သည့် ဥရောပသမဂ္ဂကောင်စီ၏ အတည်ပြုချက်ရရှိရန်လိုအပ်နေဆဲဖြစ်သည်။

အတည်ပြုချက်ရရှိပါက အီးယူအဖွဲ့ဝင်နိုင်ငံများသည် သက်သာခွင့်များဖြင့် ပေးအပ်သည့် ချေးငွေပုံစံဖြင့် ရန်ပုံငွေများကို လက်ခံရရှိမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။ SURE ချေးငွေသည် ကပ်ရောဂါ၏ စီးပွားရေးဆိုင်ရာထိုးနှက်မှုမှ အလုပ်သမားများကို အကာအကွယ် ပေးရေးအထောက်အကူပြုအစီအစဉ်များ ပြုလုပ်ရန်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ဘတ်ဂျက်ကို ပံ့ပိုးကူညီပေးရန် အီးယူ၏ အဓိကအထောက်အပံ့အစီအမံများနှင့် Safety nets များ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ဇူလိုင်လအတွင်းက အီးယူခေါင်းဆောင်များအကြား သမိုင်းဝင် မာရသွန်ဆွေးနွေး ညှိနှိုင်းမှုများပြီးနောက် ယူရို ၇၅၀ ဘီလီယံတန်ဖိုးရှိသည့် ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ထူထောင်ရေး အစီအမံကို အတည်ပြုခဲ့ပြီး၊ ယင်းအနက် ယူရို ၃၉၀ ဘီလီယံအား  အထောက်အပံ့အဖြစ် လည်းကောင်း၊ ကျန်ရှိသည့်ပမာဏကို ချေးငွေအဖြစ်လည်းကောင်း အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading