ပြည်ပသတင်းများ

၂၀၀၇ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ကုန်သွယ်မှု အနိမ့်ဆုံးအဆင့် ကျဆင်းခဲ့ခြင်း

၂၀၂၀ ပြည့်နှစ်၏ ဒုတိယသုံးလပတ်တွင် ကမ္ဘာ့ကုန်စည် ကုန်သွယ်မှုသည် ၂၀၀၇ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ကြောင်းနှင့် V ပုံသဏ္ဍာန်ဖြင့် ပြန်လည်နိုးထနိုင်မည့် ခန့်မှန်းချက်များသည် အကောင်းမြင်လွန်းသည့် အခြေအနေဖြစ်နိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization-WTO) က ပြောကြားခဲ့သည်။ ယခုနှစ်၏ ဒုတိယသုံးလပတ် ကာလအတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် သမိုင်းဝင်ကျဆင်းမှုဖြစ်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကာလ၏အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ကိန်းဂဏန်းများအရ ကမ္ဘာ့ကုန်သွယ်မှု ကျဆင်းခြင်းသည် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း WTO က ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် “goods trade barometer” တွင် ကမ္ဘာ့ ကုန်သွယ်မှု၏ အချိန်နှင့်တပြေးညီ ဖြစ်ပေါ်နေသည့် ဦးတည်ရာလမ်းကြောင်းကို ခန့်မှန်းနိုင်ရန် အတွက် မကြာသေးမီက ကုန်သွယ်မှုစီးဆင်းမှု အခြေအနေများကို ထည့်သွင်းစဉ်းစားထားသည်။ ယင်း goods trade barometer အရ ကမ္ဘာ့ကုန်သွယ်မှုအခြေအနေသည် ၈၄ ဒသမ ၅ တွင်ရှိပြီး baseline value ၁၀၀ ထက် ၁၅ ဒသမ ၅ လျော့နည်းခဲ့ကြောင်း မော်တော်ယာဉ်ပစ္စည်းများနှင့် လေကြောင်းမှ ကုန်စည်ပို့ဆောင်မှုတို့သည် အထိနာဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ goods trade barometer အရ baseline value ၁၀၀ အထက်တွင်ရှိပါက ကုန်သွယ်မှုသည် above trend ဖြစ်ပြီး၊ ၁၀၀ အောက်တွင်ရှိလျှင် below trend ဖြစ်သည်။

အဆိုပါထုတ်ပြန်ခဲ့သည့် အချက်အလက်များသည် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ် တွင် ကုန်စည်ကုန်သွယ်မှု ၁၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားခဲ့သည့် ယခင် ခန့်မှန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဆိုသည်။ လာမည့်နှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု ပြန်လည်နာလန်ထူလာနိုင်မည့် လက္ခဏာများရှိသော်လည်း ပြန်လည်နိုးထနိုင်မှု သည် မျှော်မှန်းထားသည်ထက်ပို၍ အချိန်ယူရနိုင်ကြောင်း၊ COVID-19 ကပ်ရောဂါ၏ စီးပွားရေး ဆိုင်ရာပြင်းထန်သည့်ထိုးနှက်ချက်များကြောင့် ၂၀၂၁ ခုနှစ်တွင် V ပုံသဏ္ဍာန်ဖြင့် စီးပွားရေးပြန်လည် နိုးထနိုင်မည်ဟု ခန့်မှန်းချက်များသည် အကောင်းမြင်လွန်းသည့် အနေအထားဖြစ်နိုင်ပြီး၊ L ပုံသဏ္ဍာန်ဖြင့် စီးပွားရေးပြန်လည်နိုးထနိုင်မှုသည် အမှန်တကယ်ဖြစ်ပေါ်နိုင်သည့် အလားအလာ ဖြစ်ကြောင်း WTO က ပြောကြားခဲ့သည်။

ရင်းမြစ် – (Politico၊ www.wto.org)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading