ပြည်ပသတင်းများ

COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း အီးယူ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများက ထပ်မံတိုးချဲ့ရန် ဆန္ဒရှိနေ

ထုတ်လုပ်မှုကျဆင်းခြင်း၊ အမှာစာများ ပယ်ဖျက်ခြင်းနှင့် နိုင်ငံများ အကြားနယ်စပ်များ ပိတ်ထားခြင်းတို့နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် စားသောက်ကုန်လုပ်ငန်းသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသည်။ သို့ရာတွင် ၁၁-၈-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည့် German Office for Investment Promotion and Technology Transfer (ITPO) ၏ လေ့လာမှုအရ ဥရောပ၏ စားသောက်ကုန်လုပ်ငန်းကုမ္ပဏီများသည် နိုင်ငံတကာနှင့် လုပ်ငန်းတိုးချဲ့ရန် စီစဉ်နေကြသည်ဟုဆိုသည်။ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွား လျက်ရှိနေစေကာမူ ဥရောပလယ်ယာစိုက်ပျိုးရေးနှင့် အစားအသောက်ကုမ္ပဏီများ၏ ၉၀ ရာခိုင်နှုန်း က လာမည့်တစ်နှစ်မှ သုံးနှစ်အတွင်း လုပ်ငန်းချဲ့ထွင်ရန်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် လက်ရှိ ဈေးကွက်ကို ထိန်းထားနိုင်ရန်ဖြစ်စေ အစီအစဉ်ရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံ၊ ဈေးကွက်နှင့် မူဝါဒသုတေသနအဖွဲ့အစည်း (German Institute for Market and Policy Research) မှ ဆောင်ရွက်ခဲ့သည့် ယင်းလေ့လာမှုသည် အာဖရိကနှင့် အာရှဒေသ တို့နှင့်  စီးပွားရေးလုပ်ငန်းများဆောင်ရွက်သည့် SMEs လုပ်ငန်းများနှင့် ကုမ္ပဏီလုပ်ငန်းကြီးများ အရေအတွက် (၈၀၀) အား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေဆဲ အခြေအနေ၌ ၎င်းတို့၏ မဟာဗျူဟာများအပေါ် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါလေ့လာမှုစစ်တမ်းအရ ကုမ္ပဏီ များ၏ ၄၀ ရာခိုင်နှုန်းမှာ ဥရောပဈေးကွက်တွင် အမှာစာများ ပယ်ဖျက်ခြင်းနှင့် ထုတ်လုပ်မှု ကျဆင်းခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းအခြေအနေထပ်တလဲလဲဖြစ်ပေါ်မည်ကို စိုးရိမ်မှုရှိကြကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းက လုပ်သားလျှော့ချခြင်း၊ ကုမ္ပဏီလုပ်ငန်းခွဲများ ပိတ်သိမ်း ခြင်းတို့ကို ဆောင်ရွက်ရန် စဉ်းစားကြကြောင်းသိရသည်။

ကာလရှည်မဟာဗျူဟာနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူမှုတွင် လုပ်ငန်းများ၏ သုံးပုံနှစ်ပုံက ၎င်းတို့၏ ထုတ်ကုန်ချဲ့ထွင်ရန်နှင့် အနာဂတ်ကာလ အကျပ်အတည်းများအတွက် ကုန်စည်ပံ့ပိုးသူနှင့် ဝယ်ယူသူဆိုင်ရာအခြေခံများကို ပိုမိုကောင်းမွန်စွာပြင်ဆင်ထားရှိလိုကြောင်း၊ ကုမ္ပဏီလုပ်ငန်း သုံးပုံတစ်ပုံက သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ပိုမိုချဲ့ထွင်ရန် ဆန္ဒရှိကြ ကြောင်းသိရသည်။ ကာလတိုအစီအမံအနေဖြင့် ကုမ္ပဏီလုပ်ငန်းများ၏ ၅၇ ရာခိုင်နှုန်းသည် လက်ရှိ အခြေအနေ၌ ၎င်းတို့၏ ပင်မစီးပွားရေးလုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်လိုကြောင်း ပြောကြား သည်။ သို့သော်လည်း လက်ရှိအချိန်တွင် supply chains နှောင့်နှေးမှုများစွာဖြစ်ပေါ်နေစေကာမူ စားသောက်ကုန် လုပ်ငန်းများသည် နိုင်ငံတကာနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် ဆက်လက်အာရုံ စိုက်လိုကြပြီး၊စစ်တမ်းအရ ကုမ္ပဏီ (၅) ခုလျှင် (၁) ခုကသာ ကာလရှည်တွင် ပြည်တွင်းဈေးကွက် အပေါ် အာရုံစိုက်မှုကို ယုံကြည်ကြောင်း သိရသည်။

ကမ္ဘာ့စားသောက်ကုန်ထုတ်လုပ်စီးဆင်းမှု စိတ်ချလုံခြုံစေရေးနှင့် လူမှုစီးပွားရေးတည်ငြိမ် မှုသေချာစေရေးတို့အတွက် ဈေးကွက်ဖွင့်လှစ်မှုကို ဆက်လက်ထိန်းထားခြင်းသည် အရေးပါ ကြောင်း ITPO ၏ ဒါရိုက်တာဖြစ်သူ Rolf Steltemeier က ပြောကြားခဲ့သည်။ စားသောက်ကုန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး၊ လူဦးရေ ၁.၅ ဘီလီယံခန့်ကို အလုပ်အကိုင်ပေးထားကြောင်းသိရသည်။ အာရှနှင့် အာဖရိကဒေသ တို့၌ စားသောက်ကုန်ထုတ်လုပ်မှု အားကောင်းစေရန်အတွက် ဒေသတွင်းကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှုများက အများဆုံးကူညီပေးနိုင်မည်ဟု စစ်တမ်းကောက်ယူခဲ့သည့်လုပ်ငန်းများ၏ သုံးပုံ နှစ်ပုံကယုံကြည်ကြသည်။ အခြားအရေးပါသော အစီအမံများအနေဖြင့် အစိုးရအထောက်အပံ့ အစီအစဉ်များနှင့် ဈေးကွက်ဖြေလျှော့ခြင်းတို့ကို ၎င်းတို့က ဖြေကြားခဲ့ကြကြောင်းသိရသည်။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်၌ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးလုပ်ငန်းများအား အကူအညီ ပေးရန်အတွက် ဥရောပကော်မရှင်က အစီအမံများစွာကို ဆောင်ရွက်ခဲ့သည်။ ၎င်းတို့တွင် လုပ်ငန်း များ၏ လည်ပတ်မှုကုန်ကျစရိတ်အတွက် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေမှ အာမခံပေးခြင်း၊ ချေးငွေထုတ်ချေးပေးခြင်း၊  လယ်သမားများနှင့် စားသောက်ကုန်ဆင့်တက်ပြုပြင် ထုတ်လုပ်သည့် ကုမ္ပဏီများအား တိုက်ရိုက်ငွေကြေးထောက်ပံ့ပေးရန် အီးယူအဖွဲ့ဝင်နိုင်ငံများအား ခွင့်ပြုပေးခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

ရင်းမြစ် – (Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading