ပြည်ပသတင်းများ

အီးယူနှင့်အမေရိကန် အခွန်ဆိုင်ရာ သဘောတူညီချက်အပေါ် ပူးတွဲကြေညာချက်ထုတ်ပြန်

အမေရိကန်ဒေါ်လာသန်းရာနှင့်ချီ၍တန်ဖိုးရှိသော  အမေရိကန် နှင့်အီးယူတို့၏ပို့ကုန်များ ဈေးကွက်ဝင်ရောက်ခွင့် တိုးတက် လာစေမည့် အခွန်နှုန်းထားလျှော့ချခြင်းအစီအစဉ်အတွက် သဘောတူညီချက်တစ်ရပ်ကို အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizer တို့က ၂၁-၈-၂၀၂၀ နေ့တွင် ကြေညာခဲ့ကြောင်း ဥရောပကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါသဘောတူညီချက်အရ အမေရိကန် နိုင်ငံမှ အီးယူသို့တင်သွင်းသည့် ကျောက်ပုစွန်အရှင်နှင့် အေးခဲကျောက်ပုစွန်များအပေါ် အီးယူမှ အခွန်နှုန်းထားများကို ဖယ်ရှားပေးမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်တွင် ၎င်းထုတ်ကုန်များ အမေရိကန် နိုင်ငံမှ အီးယူသို့တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၁၁ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

အီးယူသည် ယင်းသို့ အခွန်နှုန်းထားများ ဖယ်ရှားပေးခြင်းကို Most Favored Nation (MFN) basis ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ နောက်ကြောင်း ပြန်အသက်ဝင်မည်ဖြစ်သည်။ အီးယူ၏ အခွန်နှုန်းထားများအား အချိန်ကာလ (၅) နှစ်ကြာ ဖယ်ရှားပေးသွားမည်ဖြစ်ပြီး၊ ဥရောပကော်မရှင်သည် အခွန်နှုန်းထားပြောင်းလဲမှု လုပ်ထုံးလုပ်နည်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် ပြုပြင်ထားသော အစားအစာများ၊ ဖန်ထည်ပစ္စည်းများ၊ surface preparations ၊ propellant powders ၊ မီးခြစ်များစသည့် ထုတ်ကုန်များအပါအဝင် နှစ်စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၆၀ သန်း တန်ဖိုးရှိသည့် အီးယူပို့ကုန်များအပေါ် အခွန်နှုန်းထားများကို ၅၀ ရာခိုင်နှုန်း လျှော့ချ ပေးမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ အခွန်နှုန်းထားလျှော့ချမှုကိုလည်း MFN basis ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင်၍ နောက်ကြောင်းပြန် အသက်ဝင်မည်ဖြစ်သည်။ အီးယူ-အမေရိကန် ဆက်ဆံရေးတိုးတက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေမည့် ယခုသဘောတူညီချက်သည် အမေရိကန်ပြည်ထောင်စု နှင့်ဥရောပသမဂ္ဂတို့၏ စီးပွားရေးအတွက် အပြုသဘောဆောင်သော ရလဒ်များယူဆောင်လာ မည်ဖြစ်ကြောင်း၊ ယခု အခွန်နှုန်းထားလျှော့ချသည့်အစီအစဉ်သည် လွတ်လပ်မျှတပြီး အပြန်အလှန် ဖြစ်သော အတ္တလန္တိတ် ဖြတ်ကျော်ကုန်သွယ်မှုကို ဖန်တီးပေးနိုင်မည့် ထပ်ဆောင်းသဘောတူညီ ချက်များဆီသို့ ဦးတည်သည့် လုပ်ငန်းစဉ်၏ စတင်မှုတစ်ခုဖြစ်ရန် မိမိတို့အနေဖြင့် ရည်ရွယ်ခြင်း ဖြစ်သည်ဟု  Lighthizer နှင့် Hogan တို့က ပြောကြားခဲ့ကြောင်း သိရသည်။

ရင်းမြစ် –  (ဥရောပကော်မရှင်၊ Statement)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading