ပြည်ပသတင်းများ

သွင်းကုန်ကျဆင်းမှုကြောင့် ယူရိုဇုန်၏ကုန်သွယ်ရေး ပိုငွေပြမှု မြင့်တက်ခဲ့

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှုကျဆင်း နေစဉ်ကာလအတွင်း ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်မှုတွင် သွင်းကုန်ပို၍ ကျဆင်းခဲ့သဖြင့် ယူရိုဇုန်၏ ကုန်သွယ်ရေးပိုငွေပြမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ယူရို ၂၁ ဒသမ ၂ ဘီလီယံရှိခဲ့ကြောင်း ဥရောပစာရင်းအင်းအဖွဲ့အစည်း Eurostat အရ သိရသည်။ ယင်းပမာဏသည် ယခင်နှစ်ကာလတူ၌ ကုန်သွယ်ရေး ပိုငွေ ယူရို ၁၉ ဒသမ ၄ ဘီလီယံထက် ပိုမိုကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း Eurostat ကဆိုသည်။ ပြီးခဲ့သည့် မေလ တွင် ယူရိုဇုန်၏ ကုန်သွယ်ရေးပိုငွေမှာ ယူရို ၉ ဒသမ ၄ ဘီလီယံရှိခဲ့သဖြင့် ဇွန်လ၌ ကုန်သွယ်ရေး ပိုငွေပြမှုသည် ယင်းပမာဏထက် နှစ်ဆကျော်ပိုများခဲ့သည်။

၂။          ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ယူရိုဇုန်မှ ကမ္ဘာ့နိုင်ငံများသို့ ပို့ကုန်တင်ပို့မှု သည် ၂၀၁၉ ခုနှစ်၊ ကာလတူနှင့် နှိုင်းယှဉ်လျှင် ၁၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သွင်းကုန် သည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း၊ ယူရိုဇုန်နိုင်ငံများအကြား ကုန်သွယ်မှုသည် လည်း ၁၃ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်းသိရသည်။ ၂၀၂၀ ပြည့်နှစ်၊  ဇွန်လအတွင်း ယူရိုဇုန်နိုင်ငံများ အချင်းချင်း ကုန်စည်ကုန်သွယ်မှုသည် ယူရို ၁၅၀ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် ၇ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

             ဥရောပသမဂ္ဂနိုင်ငံများ (အီးယူ)၏ ကုန်သွယ်မှုတွင်လည်း သွင်းကုန်ကျဆင်းမှု ပိုများခဲ့ သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၌ ကုန်သွယ်ရေးပိုငွေမှာ ယူရို ၂၀ ဒသမ ၇ ဘီလီယံရှိခဲ့ကြောင်း သိရသည်။ အီးယူသည် ယင်း၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုတွင် ယခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က အီးယူမှ ထွက်ခွာခဲ့သည့် ဗြိတိန်နိုင်ငံနှင့် ကုန်သွယ်မှုလျော့ကျခဲ့သည်။  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကာလတွင် အီးယူမှ ဗြိတိန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၂၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သွင်းကုန်အပိုင်းတွင် ၁၇ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုတွင်လည်း သိသိသာသာ ကျဆင်းခဲ့ပြီး၊ တရုတ်နိုင်ငံနှင့် အပြန်အလှန်ကုန်သွယ်မှုတွင်မူ အနည်းငယ်သာကျဆင်းခဲ့ကြောင်း သိရသည်။ Eurostat ၏ သီးခြားထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊  ဧပြီလမှ ဇွန်လအတွင်း ယူရိုဇုန်၏ အလုပ်အကိုင်ရရှိမှုသည် ယခင် သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်ကောက်ယူခဲ့သည့် စာရင်းဇယားများအရ အများဆုံးကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ရင်းမြစ် –  (Reuters၊ Eurostat)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading