ပြည်ပသတင်းများ

ဗိုင်းရပ်စ်ဖြစ်ပွားနေသော်လည်း ထိုင်းအစားအစာ ပြည်ပတင်ပို့မှုမှာ တောက်ပနေဆဲဖြစ်

Covid-19 ဖြစ်ပွားဆဲကာလအတွင်း အစားအစာဝယ်လိုအား မြင့်တက်နေမှုကြောင့် ထိုင်းနိုင်ငံ အစားအစာလုပ်ငန်း (Food Industry) မှာ အလားအလာကောင်းနေဆဲဖြစ်ပါသည်။ ထိုင်းအစားအစာ ကမ္ဘာ့စားနပ်ရိက္ခာပြပွဲ “ Thai Food, World Food Fair” တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမစ္စတာဂျူရင် လက်ဆာနာဝီဆစ်က အားနည်းနေဆဲဖြစ်သော ကမ္ဘာ့စီးပွားရေး၊ ဆက်လက်ဖြစ်ပွားဆဲ ကုန်သွယ်ရေးအခြေအနေ၊ အားကောင်းနေသော ဘတ်ငွေ နှင့် ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားနေသော်လည်း ထိုင်းနိုင်ငံအနေဖြင့် အစားအစာ ပြည်ပတင်ပို့ မှုကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ပြည်ပသို့ တင်ပို့သည့် အကြီးမားဆုံး (၁၁) နိုင်ငံမြောက် နိုင်ငံဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အစားအစာ ပြည်ပသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၃၃.၁) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာ ၂၀၁၈ ခုနှစ်က ထက် (၃%) တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

မိမိတို့အနေဖြင့် ထိုင်းနိုင်ငံအား အဆင့်တိုးတက်စေရန်နှင့် ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံများ၊ အေးခဲပင်လယ်စာ၊ အေးခဲကြက်သား၊ စည်သွပ်တူနာငါး၊ အေးခဲနှင့် ပြုပြင်ထားသော ပုဇွန်၊ သန့်စင်ထားသော သကြား(refined sugar) ၊ အဖျော်ယမကာများ၊ ရာသီအလိုက် အစားအစာ များ၊ (သို့မဟုတ်) အိမ်မွေးတိရစ္ဆာန် အစားအစာများ၏ ဝယ်လိုအားမြင့်တက်လာမှုတို့နှင့် အတူ ထိုင်းနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်များနှင့် အစားအစာ (စားနပ်ရိက္ခာ) ဗဟိုချက် (Global Hub for Quality agricultural products and food) ဖြစ်ပေါ်လာစေရေးအတွက် မျှော်မှန်းလျှက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

Mr.Jurin က မိမိတို့ အနေဖြင့် ကုန်ကြမ်းပေါများကြွယ်ဝခြင်း၊ အဆင့်မြင့်ပြုပြင် ထုတ်လုပ်မှု နည်းပညာများ ရှိနေခြင်း၊ အထူးကောင်းမွန်သောဈေးကွက်မြှင့်တင်မှုများရှိခြင်း၊ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များနှင့်မတူ ကွဲပြားသော ထုတ်ကုန်ပစ္စည်းများရှိနေ ခြင်းစသည့် အဓိကပံ့ပိုးနေသော အချက်အလက်များကို ရည်ညွှန်းကိုးကားဖေါ်ပြခဲ့ပါသည်။

၎င်းကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ဉီးဆောင် သောထုတ်လုပ်မှုမဟာဗျူဟာကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန်၊ တီထွင်ဆန်းသစ်ဖန်တီး မှုများမှတစ်ဆင့် ထိုင်းထုတ်ကုန်များအား အဆင့်မြှင့်တင်ကာ ပိုမိုတက်ကြွသော ဈေးကွက်ရှာဖွေ မှုကို စတင်မိတ်ဆက်ဆောင်ရွက်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကို အဆင့်မြှင့်တင်ခြင်းနှင့် ထိုင်း အစားအစာများ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ဆွေးနွေးမှု များကို ပိုမိုအားဖြည့် မြှင့်တင်ဆောင်ရွက်နိုင်ခြင်းတို့အတွက် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

ဝန်ကြီးဌာနနှစ်ခုအနေဖြင့် မကြာသေးမီကပင် ဈေးကွက်မဟာဗျူဟာအတွက် အဓိက Misssion အဖွဲ့ (၄) ဖွဲ့ကို ကြီးကြပ်ဆောင်ရွက်ရန် အမြဲတမ်းအတွင်းဝန်များ ဉီးဆောင်သော လုပ်ငန်းအဖွဲ့ (WorkingGroup) (၄) ခုကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါသည်။ ဝန်ကြီးဌာနများအနေဖြင့် စိုက်ပျိုရေးထုတ်ကုန်များအတွက် တစ်ခုတည်းသောကြီးမားသည့် အချက်အလက်ဒေတာစနစ် (Single Big Data System) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗဟိုဒီဂျစ်တယ်ပလက်ဖေါင်း(Central Digital Platform) အား တည်ထောင်ဆောင်ရွက်လျှက်ရှိပါသည်။

ဝန်ကြီးဌာနနှစ်ခုအနေဖြင့် ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၏ အရည် အသွေး (Quality)၊ အစားအစာဘေးကင်းလုံခြုံမှု (Food Safety)၊ ထိုင်းလယ်ယာထွက်ကုန်များ အပေါ် ခြေရာခံလိုက်နိုင်မှု (Traceability of Thai Farm Products)၊ ထုတ်ကုန်များကို မြှင့်တင် စဉ် Offline နှင့် Online နှစ်ခုစလုံးမှနေ၍ ဈေးကွက် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်တို့ကို အတူတစ်ကွ ယုံကြည်ချက်ဖြင့် ပူးပေါင်းတည်ထောင်ဆောင်ရွက်သွားကြရန် ကတိပြုထားကြ ပါသည်။

ဧပြီလအစောပိုင်းတွင် အစိုးရအနေဖြင့် (၂၀၁၉-၂၀၂၇) အတွက်  အစားအစာပြုပြင် ထုတ်လုပ်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆောင်ရွက်မည့် စီမံချက်နှင့် ဘတ်ငွေ (၆.၆) ဘီလီယံ ဘတ်ဂျက်ကို အထောက်အပံ့ပေးရန်တို့ကို အတည်ပြုပေးခဲ့ပါသည်။ ဤစီမံချက်သည် ထိုင်းနိုင်ငံအား အာဆီယံအစားအစာပြုပြင်ထုတ်လုပ်မှု ဗဟိုချက်( Asean Processed food hub) နှင့် ၂၀၂၇ ခုနှစ်တွင် ထိုင်းနိုင်ငံအား ကမ္ဘာ့ထိပ်တန်း အစားအစာ ပြည်ပတင်ပို့သည့် (၁၀) နိုင်ငံ စာရင်းတွင် ပါဝင်လာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ဆန်၊ ရေထွက် ကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ မွေးမြူရေးနှင့် ဇီဝအစားအစာ Biofood စသည့် ပစ်မှတ် (Target) ထားသော အစားအစာပြုပြင်ထုတ်လုပ်ခြင်းကို တိုးမြှင့်ရန်နှင့် အစားအစာ ထုတ်ပိုးမှုတို့ကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန်တို့ဖြစ်ပါသည်။

Source:Bangk Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ဗန်ကောက်မြို့

Loading