ပြည်ပသတင်းများ

ကမ္ဘာ့စီးပွားရေး အနည်းဆုံး (၆) ရာခိုင်နှုန်းဖြင့် ကျဆင်းနိုင်ဖွယ်ရှိခြင်း

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (Organization for Economic Cooperation and Development-OECD) အရ ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်တွင် အနည်းဆုံး (၆) ရာခိုင်နှုန်းဖြင့် ကျဆင်းနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) ဒုတိယ တစ်ကြိမ်ဖြစ်ပွားခဲ့လျှင်ဖြစ်စေ၊ မဖြစ်ပွားလျှင်ဖြစ်စေ ယင်း၏အကျိုးဆက်များအနေဖြင့် ဆိုးရွားမှု ရှိပြီး၊ ကာလကြာရှည်မည်ဖြစ်သည်ဟု OECD က ယင်း၏ စီးပွားရေးသုံးသပ်ချက်တွင် သတိပေး ထားကြောင်း၊ Covid-19 ကပ်ရောဂါဒုတိယလှိုင်းအနေဖြင့် ဖြစ်ပွားမှုမရှိခဲ့ပါက ကမ္ဘာ့စီးပွားရေး သည် ၂၀၂၀ ပြည့်နှစ်တွင် (၆) ရာခိုင်နှုန်းကျဆင်းနိုင်ပြီး၊ ၂၀၁၉ ခုနှစ်တွင် (၅.၄) ရာခိုင်နှုန်း ရှိခဲ့သည့် OECD ၏ အလုပ်လက်မဲ့နှုန်းမှာ (၉.၂) ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

Covid-19 ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားခဲ့ပါက ကမ္ဘာ့စီးပွားရေးတွင် (၇.၆) ရာခိုင် နှုန်းဖြင့် ကျဆင်းနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် (၂.၈) ရာခိုင်နှုန်းပြန်လည်တိုးတက်နိုင်ကြောင်း OECD က ခန့်မှန်းထားပါသည်။  အဆိုပါအခြေအနေတွင် OECD ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၁၉ ခုနှစ် နှုန်းထား၏ (၂) ဆနီးပါးဖြစ်သည့် (၁၀) ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင်ကဏ္ဍ၌ အနည်းငယ် ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

သက်ဆိုင်ရာနိုင်ငံအစိုးရများ၏ ကန့်သတ်ပိတ်သိမ်းမှု အစီအမံများကြောင့် ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု နှေးကွေးစေရန်နှင့် ကပ်ရောဂါကြောင့် သေဆုံးမှု လျှော့ချနိုင်ရေးတို့တွင် အောင်မြင်မှုရရှိကြသော်လည်း လုပ်ငန်းကဏ္ဍများစွာ၌ စီးပွားရေးလုပ်ငန်းရပ်များအား ရပ်တန့် သွားစေပြီး၊ မညီမျှမှု (Inequality) ကို ပိုမိုကျယ်ပြန့်လာစေခြင်း၊ ပညာရေးနှောင့်နှေးခြင်းနှင့် အနာဂတ်စီးပွားရေးအပေါ် ယုံကြည်မှု လျော့ကျစေခြင်းတို့ကိုဖြစ်စေခဲ့ကြောင်း၊ ကန့်သတ် ထိန်းချုပ်မှုအစီအမံများ အနည်းငယ် ပျော့ပြောင်းသည့်နိုင်ငံများ၌ပင် ရရှိထားသည့် စာရင်း ဇယားများအရ ကပ်ရောဂါကြောင့် စီးပွားရေး နှင့်လူမှုရေးဆိုင်ရာကုန်ကျမှုကြီးမားကြောင်း၊ အစိုးရအသုံးစရိတ်များအနေဖြင့် ထိခိုက်မှုအရှိဆုံး ကဏ္ဍများ အားကောင်းစွာ ထောက်ပံ့ပေး သင့်ပြီး ရေရှည်တည်တံ့သည့် စီးပွားရေးပြန်လည်နိုးထမှုအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု များကို ပံ့ပိုးပေးသင့်သည်ဟု OECD ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading